ရုရှား စစ်လေယာဉ်တွေကြောင့် အရေးပေါ် ပျံတက်ခဲ့ရတဲ့ ဂျပန် တိုက်လေယာဉ်တွေ

သြဂုတ် ၊ ၁၉

လေပိုင်နက်နားကို ရုရှား စစ်လေယာဉ်တွေ ချဉ်းကပ်လာမှုကြောင့် တိုက်လေယာဉ်တွေ အရေးပေါ် ပျံတက်စေပြီး အခြေအနေ စောင့်ကြည့်ခဲ့ရကြောင်း ဂျပန်က ကြေညာပါတယ်။

 ရုရှားစစ်တပ်ရဲ့ IL-38 အမျိုးအစား ကင်းထောက် လေယာဉ် နှစ်စီးဟာ ဂျပန်ပင်လယ်နဲ့ အရှေ့တရုတ် ပင်လယ်တွေဖက်က ဂျပန်ကမ်းခြေနားကို ချဉ်းကပ် ပျံသန်းခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီ ရေပြင်တွေမှာ လောလောဆယ် ရုရှားဟာ တရုတ်နဲ့ ပူးပေါင်းပြီး ရေတပ် စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်နေပါတယ်။

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ရုရှားနဲ့ တရုတ် နှစ်နိုင်ငံ ရေတပ်တွေဟာ ပစိဖိတ် သမုဒ္ဒရာထဲမှာ ပူးပေါင်းကင်းလှည့်ရင်း စစ်ရေးလေ့ကျင့်မှုတွေ ဆောင်ရွက်နေတယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားပါတယ်။

ဩဂုတ် ၁၈ ရက် ဖြစ်စဉ်မှာတော့ IL-38တွေက ဂျပန်ပိုင်နက်နား ရောက်လာတာကြောင့် ဂျပန်ရဲ့ F-2 တိုက်လေယာဉ်တွေ ကတိုက်ကရိုက် ပျံတက်ပြီး အခြေအနေ စောင့်ကြည့်ခဲ့ရပါတယ်။ ဒါပေမဲ့ ရုရှားလေယာဉ်တွေဟာ ဂျပန် လေပိုင်နက်ကို မကျူးကျော်ခဲ့ဘဲ မိနစ်ပိုင်း အကြာမှာ ပင်လယ်ပြင်ဖက် ပြန်လည် ထွက်ခွာသွားကြောင်း သိရပါတယ်။

ရုရှားနဲ့ တရုတ်တို့ လက်ရှိ ပူးပေါင်း လုပ်ဆောင်နေတဲ့ စစ်ရေး လေ့ကျင့်မှုတွေဟာ ရန်သူ့ စီးနင်းမှုကို တုံ့ပြန်ပုံ၊ ရေငုပ်သင်္ဘောတွေကို ထောက်လှမ်း ဖျက်ဆီးပုံ၊ စစ်သင်္ဘောတွေပေါ်မှာ ရဟတ်ယာဉ်တွေ အဆင်းအတက် ပြုလုပ်ပုံတွေကို အဓိကထား ဆောင်ရွက်နေတာလို့ နှစ်နိုင်ငံ စစ်ဘက် အရာရှိ တချို့က ပြောပါတယ်။

ဂျပန်ဟာ ရုရှားနဲ့ တင်းမာတဲ့ ပြိုင်ဆိုင်မှုမျိုးတွေ သမိုင်းအစဉ်အဆက် ရှိခဲ့ပြီး မျက်မှောက်ကာလမှာလည်း ယူကရိန်းကို ရုရှားက ကျူးကျော်ခဲ့တဲ့ စစ်ပွဲနောက်ပိုင်း ဂျပန်နဲ့ ဆက်ဆံရေးက ပိုမို ခါးသီးတင်းမာလာခဲ့ပါတယ်။