ကုလလူ့အခွင့်အရေးကောင်စီမှာ ရုရှားကို အဖွဲ့ဝင်အဖြစ်ကနေ ရပ်ဆိုင်း

Photo – UN

ယူကရိန်းမှာ လူ့အခွင့်အရေး ကျူးလွန်မှုတွေနဲ့ ပတ်သတ်ပြီး ရုရှားကို ကုလလူ့အခွင့်အရေးကောင်စီမှာ အဖွဲ့ဝင်နိုင်ငံအဖြစ်ကနေ ရပ်ဆိုင်းဖို့ ဆုံးဖြတ်ချက်ချမှတ်လိုက်ပါတယ်။

ဧပြီလ ၇ရက်နေ့က ကုလအထွေထွေညီလာခံမှာ မဲခွဲဆုံးဖြတ်ခဲ့ရာ အမေရိကန်အပါအဝင် ၉၃နိုင်ငံက ရပ်ဆိုင်းဖို့ ထောက်ခံမဲ ၊ ၂၄နိုင်ငံက ကန့်ကွက်မဲနဲ့ ၅၈နိုင်ငံက ကြားနေမဲပေးခဲ့ကြပါတယ်။ 

ထောက်ခံမဲမှာ မြန်မာ ၊ ဂျပန် ၊ တောင်ကိုရီးယား ၊ ဩစတြေးလျစတဲ့နိုင်ငံတွေ ပါဝင်ပြီး တရုပ် ၊ လာအို၊ ဗီယက်နမ် ၊ ဘီလာရုဇ်နဲ့ ကျူးဘားတို့က ကန့်ကွက်မခဲ့ကြကာ ကြားနာမဲမှာတော့ အိန္ဒိယ ၊ အင်ဒိုနီးရှား ၊ မလေးရှား ၊ စင်ကာပူ ၊ ထိုင်း ၊ ကမ္ဘောဒီးယား ၊ ဘရူနိုင်း ၊ ဘင်္လားဒေ့ရှ်နဲ့ သီရိလင်္ကာတို့ ဖြစ်ကြပါတယ်။ 

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Linda Thomas-Greenfield က ကုလသမဂ္ဂဟာ “ဒုက္ခသည်တွေနဲ့ အသက်ရှင်ကျန်ရစ်သူတွေရဲ့ ဒုက္ခဝေဒနာတွေကို လျစ်လျူရှုမှာ မဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်း သတင်းစကားပေးလိုက်တာပဲ” လို့ ပြောကြားခဲ့ပါတယ်။ 

အခုလို အဖွဲ့ဝင်နိုင်ငံအဖြစ်ကနေ ရပ်ဆိုင်းတဲ့ ဖြစ်ရပ်က ဖြစ်ခဲပါတယ်။ လစ်ဗျားခေါင်းဆောင်ဟောင်း ကဒါဖီကို သစ္စာခံတဲ့တပ်ဖွဲ့တွေက ဆန္ဒပြသူတွေကို အကြမ်းဖက်မှုတွေကြောင့် ၂၀၁၁ခုနှစ်မှာ လစ်ဗျားနိုင်ငံဟာ အဖွဲ့ဝင်အဖြစ်ကနေ ရပ်ဆိုင်းခံရဖူးပါတယ်။