ပြည်နယ်တွေရဲ့ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုလွှတ်တော်၏ အခန်းကဏ္ဍ 

■ ဖက်ဒရယ်ရေးရာ ပေးစာ ပြန်စာ

DNA ရဲ့ အယ်ဒီတာအဖွဲ့ကို ဖက်ဒရယ်ပေးစာ ပြန်စာ ကဏ္ဍအတွက် မေးခွန်းတစ်ခု ရောက်လာခဲ့ပါတယ်။ အဲသည့် မေးခွန်းကတော့ — အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးအခန်းကဏ္ဍ အကြောင်း‌ မေးမြန်းထားတာ တွေ့ရပါတယ်။ မေးခွန်း အပြည့်အစုံက အခုလို ဖြစ်ပါတယ်။

“ဖက်ဒရယ်စနစ်မှာ ဖယ်ဒရယ်မြို့တော်တွေရဲ့ အုပ်ချုပ်ရေး၊ဥပဒေပြုရေးအခန်းကဏ္ဍကဘယ်နေရာမှာဘယ်လိုရှိနေမလဲဆရာ၊အဓိက ဥပဒေပြုလွှတ်တော်မှာပေ့ါဆရာခင်ဗျား….”

ဒီမေးခွန်းကို “ကိုဝေယံစိုး” က ပေးစာအဖြစ် မေးမြန်းထား ပေးပို့ထားတာဖြစ်ပါတယ်။

ပေးစာမှာ မေးမြန်းထားတဲ့ ဖက်ဒရယ်မြို့တော်တွေဆိုတဲ့ ဆိုလိုချက်ဟာ — ဖက်ဒရယ်စနစ်ကျင့်သုံးတဲ့ နိုင်ငံတွေရဲ့ ပြည်နယ်တွေရဲ့ မြို့နယ်တွေလို့ ကျွန်တော်တို့ နားလည်လိုက်ပါတယ်။ ဒီလို ပြည်နယ်တွေရဲ့ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးအခန်းကဏ္ဍ။ အထူးသဖြင့် ဥပဒေပြုရေးလို့ ခေါ်တဲ့ ဥပဒေပြုလွှတ်တော်ရဲ့ အခန်းကဏ္ဍကို သိချင်တယ်လို့ နားလည်ပါတယ်။

ယေဘုယျအားဖြင့် —

ဖက်ဒရယ်စနစ်ကျင့်သုံးတဲ့နိုင်ငံတွေမှာ၊ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေတွေ ရေးဆွဲခွင့်ရှိပါတယ်။ အထူးသဖြင့် နိုင်ငံ၏ ဧရိယာအားဖြင့် ကြီးမားတဲ့ ဖက်ဒရယ်နိုင်ငံတွေမှာ ပြည်နယ်တွေမှာ သီးခြားဖွဲ့စည်းပုံအခြေခံဥပဒေတွေ ရှိပါတယ်။ ဒါကို ပြည်နယ်ဖွဲ့စည်းပုံလို့လည်း အတိုကောက် သုံးနှုန်းကြပါတယ်။ state constitution လို့ နားလည်နိုင်ပါတယ်။ ဒီနေရာမှာ state ဆိုတာ ပြည်နယ်ကို ညွှန်းပါတယ်။ တချို့ကလည်း provincial constitution လို့ ခေါ်ဝေါ်တာ တွေ့ရပါတယ်။

ဖက်ဒရယ်စနစ်မှာ – ပြည်နယ်တွေဟာ ပြည်နယ်အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေအတိုင်း ဥပဒေပြုခွင့်ရှိပါတယ်။ ပြည်နယ်တွေဟာ ဘယ်လို နယ်ပယ်ကဏ္ဍတွေမှာ ဥပဒေပြုခွင့်ရှိတယ်ဆိုတာကို တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပိုင်းခြားသတ်မှတ်ထားပါတယ်။ ဒါကို ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရအကြား အာဏာခွဲဝေမှုလို့ ပြောနိုင်ပါတယ်။ ဖက်ဒရယ်စနစ်မှာ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရအကြား အာဏာသီးခြားခွဲဝေထားချက်တွေ ရှိသလို၊ ပူးတွဲ အာဏာကိုင်ထားတာတွေလည်း ရှိပါတယ်။ ဗဟိုနဲ့ ပြည်နယ်အကြား အာဏာတွေကို သီးခြားခွဲဝေထားရင် ဒါကို original power လို့ ခေါ်တယ်။ reserve power လို့လည်း ခေါ်ပါတယ်။ ဒါ့အပြင် ဗဟိုနဲ့ ပြည်နယ်အကြား အာဏာတွေကို ပူးတွဲမျှဝေကိုင်ထားရင် ဒါကို shared power လို့ခေါ်တယ်။ တနည်းအားဖြင့် concurrent power လို့ သုံးနှုန်းပါတယ်။

ဖက်ဒရယ်စနစ် ကျင့်သုံးတဲ့ ပြည်နယ်တွေရဲ့ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးအခန်းကဏ္ဍတွေဟာ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ခွဲဝေထားတဲ့ အာဏာကဏ္ဍတွေအတိုင်း လုပ်ပိုင်ခွင့်၊ စီရင်ခွင့်၊ ပြဋ္ဌာန်းခွင့်၊ ဥပဒေပြုခွင့်တွေ ရှိနေပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာ ပြည်နယ်အလိုက် ရေးဆွဲထားတဲ့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေတွေပါ ပြဋ္ဌာန်းချက်တွေအတိုင်း ဥပဒေပြုခွင့်၊ အုပ်ချုပ်စီမံခွင့် ရှိကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား….။

အယ်ဒီတာအဖွဲ့

Delta News Agency

၁၁ ၊ ဒီဇင်ဘာ၊ ၂၀၂၂။