စစ်ကိုင်းတိုင်း၊ ကျောက်မြောင်းနယ်နဲ့ ရွှေဘိုမြို့နယ်ကြားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ အိမ်စီးကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ကားပေါ်ပါသူ ခြောက်ဦး သေဆုံးခဲ့တယ်လို့ Burma Rangers (Shwe Bo) သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်အေဓီက DNA ကို ပြောပါတယ်။
“Klugar အဖြူနဲ့လာတာကို ကျောက်မြောင်းတပ်ကနေ သတင်းပေးတာပါ၊ တပ်တွင်းဖရဲသီးသတင်းပါ၊ အဲ့ဒါကြောင့် မိုင်းဆွဲလိုက်တာပါ” လို့ သူကပြောပါတယ်။
ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းနယ် အခြေစိုက် စစ်ကောင်စီတပ်က အရာရှိအပါအအဝင် ခြောက်ဦးဟာ အိမ်စီးကားနဲ့ ရွှေဘိုဘက်ကို တက်လာတယ်ဆိုတဲ့ သတင်းအရ ဒီဇင်ဘာ ၁၆ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ Burma Rangers (Shwe Bo) အဖွဲ့က ပဒေသာမိုင်းရှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်တာလို့ ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်တပ် အရာရှိအပါအဝင် ငါးဦးဟာ နေရာမှာတင်ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ယာဥ်မောင်းဖြစ်သူကတော့ ရွှေဘိုမြို့အရောက်မှာ ရရှိဒဏ်ရာကြောင့် သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ ရွှေဘိုမြို့ခံတဦးက ပြောပါတယ်။
“ယာဉ်မောင်းက သွေးရူးသွေးတန်းနဲ့ မောင်းပြေးတာပါ၊ မြို့အဝင်မှာဘဲ သေသွားတာ၊ မြို့ခံတွေလည်း ပထမတော့ ဘာမှန်းမသိဘူး၊ သွားကြည့်မှ ဗိုက်မှာ ဒဏ်ရာရထားတာကို တွေ့ရတာ” လို့ ရွှေဘိုမြို့ခံတဦးက ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှု ဖြစ်တဲ့နေရာကနေ သုံးမိုင်ဝန်းကျင်အကွာ ရွှေဘိုမြို့ဆီ မောင်းနှင်ထွက်ပြေးလာတဲ့ အဲ့ဒီအိမ်စီးကားဟာ မိုင်းထိမှန်ထားလို့ ထိခိုက်ပျက်စီးမှုတွေရှိနေပေမယ့် မောင်းမရတော့တဲ့အထိတော့ ပျက်စီးမနေဘူးလို့ မျက်မြင်တွေ့ခဲ့တဲ့ ရွှေဘိုမြို့ခံတွေက ပြောပါတယ်။
ဒါ့အပြင် အဲ့ဒီကားပေါ်မှာ မိုင်းဆွဲခံရချိန်က သေဆုံးသူတွေရဲ့ အလောင်းတွေလည်း ပါလာတာတွေ့ရပြီး ယာဥ်မောင်းကတော့ ရွှေဘိုမြို့အရောက်မှာ သွေးထွက်လွန်ပြီး သေဆုံးတာဖြစ်တယ်လို့ ဆိုပါတယ်။
အဲ့ဒီကားပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါတယ်ဆိုတဲ့အချက်နဲ့ တိုက်ခိုက်ခံရတဲ့ကားဟာ စစ်တပ်က ကားဖြစ်တယ်ဆိုတာတွေကိုတော့ DNA က သီးခြားအတည်မပြုနိုင်ပါဘူး။
မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ အဲ့ဒီကားနဲ့ ရုပ်အလောင်းတွေကိုတော့ ရွှေဘိုမြို့ခံ စစ်တပ်နဲ့ရဲတွေက သယ်ယူသိမ်းဆည်းသွားတယ်လို့ သိရပါတယ်။