စစ်တပ်က နှစ်ခါပြန်ဖမ်းဆီးထားတဲ့ အလွတ်တန်းသတင်းထောက်ကိုစိုးရာဇာထွန်း ထောင်လေးနှစ်ချခံရ

စစ်ကောင်စီကနှစ်ကြိမ်တိုင်တိုင်ဖမ်းဆီးထားတဲ့ အလွတ်တန်းသတင်းထောက် ကိုစိုးရာဇာထွန်း ကိုအကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မနဲ့ စွပ်စွဲပြီး ထောင် ၄ နှစ်ထပ်မံချမှတ်လိုက်တယ်လို့ မိသားစုနဲ့နီးစပ်သူတွေကပြောပါတယ်။

ကိုစိုးရာဇာထွန်းဟာဆိုရင် ပြည်တွင်းမှာစစ်အာဏာသိမ်းပြီးနောက်ပိုင်းဆန္ဒပြပွဲတွေကိုသတင်းယူရင်းဖမ်းမတ်လထဲမှာ ဖမ်းဆီးခံလိုက်ရပြီး၄လအကြာမှာစစ်ကောင်စီရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လွတ်လာခဲ့ပြီးနောက်တကြိမ်ပြန်လည်ဖမ်းဆီးတာခံလိုက်ရတာဖြစ်ပါတယ်။

“ခုက ၅၂ က ​အကြမ်းဖက်ပုဒ်မနဲ့အင်းစိန်ထောင်တွင်းတရားရုံးကအမိန့်ချလိုက်တာ။ ကျန်းမာရေးက ကောင်းပါတယ်၊သူအလွတ်တန်းသတင်းထောက်တယောက်အနေနဲ့လုပ်သင့်လုပ်ထိုက်တာကိုလုပ်နေရင်းဖမ်းဆီးခံရတာပါ’’ လို့ ကိုစိုးရာဇာထွန်းရဲ့မိသားစုဝင်တဦးက DNA ကိုပြောပါတယ်။

ပြည်တွင်းမှာ စစ်တပ်အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီဟာ သတင်းမီဒီယာတွေကို လိုင်စင်ပိတ်သိမ်းပြီး သတင်းသမားတွေကို ပုံစံမျိုးစုံနဲ့ဖမ်းဆီးမှုတွေလုပ်ခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် သတင်းထောက် ၁၄၀ ကျော်ဖမ်းဆီးခံလိုက်ရပြီး တချို့ကိုပြန်လွှတ်ပေးခဲ့ပေမယ့်လက်ရှိအချိန်ထိ အကျဉ်းထောင်တွေထဲမှာ ၆၀ ဝန်းကျင်ဟာလည်းဆက်ပြီးဖမ်းဆီးခံထားရပါတယ်။