မန္တလေးမြို့မှာ ဒီနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့ တရက်တည်းအတွင်း ငလျင် ၃ ကြိမ်လှုပ်ခတ်သွားခဲ့ပြီး ငလျင်ဒဏ်ကို သိသိသားသားခံစားလိုက်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
” မနက်ပိုင်းကလှုပ်တာက သိပ်မပြင်းဘူးဗျ။ နေ့ခင်းပိုင်းလှုပ်တဲ့ ကတော့အတော်သိသားတယ်။ အိမ်တွေကိုခါရမ်းသွားတယ်။ ကျနော်တို့ရပ်ကွက်ထဲလူတွေဆို ငလျင်လှုပ်တော့ အိမ်ထဲကအကုန်ပြေးထွက်လာကြတာဗျ ” လို ချမ်းမြသာစည်မြို့နယ် အတွင်းနေထိုင်သူ တဦးကပြောပါတယ်။
ဒီကနေ့ မနက် ၆ နာရီ ၄၅ မိနစ်၊ အချိန်က မန္တလေးမြေငလျင်စခန်းရဲ့ တောင်ဘက် (၉)မိုင်ခန့်အကွာက(ပြည်ကြီးတံခွန်မြိုရဲ့ အရှေ့တောင်ဘက် (၂)မိုင်ခန့်အကွာ)၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး (၃.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို စစ်ကောင်စီ မိုးဇလက ထုတ်ပြန်ထားပါတယ်။
အလားတူပဲ ၁ နာရီ ၂၉ မိနစ်မှာ မန္တလေးမြေငလျင်စခန်းရဲ့တောင်ဘက် (၁၁)မိုင် ခန့်ကွာဝေးတဲ့မြန်မာနိုင်ငံ ပြည်တွင်း (မြစ်ငယ်မြို့၏ အရှေ့ဘက် (၃)မိုင် ခန့်အကွာ) အနက် (၃)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၃.၃) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ ဆက်သိရပါတယ်။
ဒါအပြင်ဒီကနေ့မှာပဲနေ့လယ် ၂ နာရီ၊ (၂၈)မိနစ် အချိန်မှာ မန္တလေးမြေငလျင်စခန်းရဲံအနောက်တောင်ဘက် (၁၁)မိုင် ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း (အမရပူရမြို့အနောက်တောင်ဘက် (၃)မိုင် ခန့်အကွာ) အနက် (၉)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ပါတယ်။
မနေ့ဒီဇင်ဘာ ၁၅ရက်မှာလည်း တံတားဦးမြို့အနီးကို ဗဟိုပြုပြီး ရစ်(ခ်)တာစကေး ၅.၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့တာကြောင့် မန္တလေးနဲ့ စစ်ကိုင်းမြို့က ဘုရားစေတီတွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။