နျူကလီးယား ထိပ်ဖူး သယ်ဆောင်နိုင်တဲ့ တာဝေးပစ် ဒုံးကျည်တစ်စင်း အိန္ဒိယ စမ်းသပ်အောင်မြင်

နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်တဲ့ တာဝေးပစ် ဒုံးကျည်တစ်စင်းကို အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခဲ့ကြောင်း အိန္ဒိယ အစိုးရက ထုတ်ပြန် ကြေညာခဲ့ပါတယ်။

 

တရုတ်နဲ့ နယ်စပ်ရေးရာ တင်းမာမှုတွေ ရှိနေတဲ့ ကာလမျိုးမှာ အိန္ဒိယက Agni-V အမျိုးအစား တိုက်ချင်းပစ် ဒုံးကျည်ကို စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဒုံးကျည်ကို အိန္ဒိယ အရှေ့ပိုင်း ဩရိသ ပြည်နယ် ကမ်းလွန်မှာရှိတဲ့ အက်ဘ်ဒူကာလမ် ကျွန်းကနေ ဒီဇင်ဘာ ၁၅ ရက်မှာ လွှတ်တင်ခဲ့တာလို့ အိန္ဒိယ အစိုးရရဲ့ လွှတ်တော်ရေးရာ ဝန်ကြီး ပရယ်လ်ဟတ်ဒ် ဂျိုရှီက ပြောပါတယ်။

 

Agni-Vရဲ့ စမ်းသပ်မှုရလဒ် အသေးစိတ်ကို မထုတ်ပြန်ပေမယ့် အခုစမ်းသပ် အောင်မြင်မှုဟာ အိန္ဒိယရဲ့ ကာကွယ်ရေး စွမ်းရည်ကို သိသိသာသာ မြင့်တက်သွားစေတယ်လို့ ဂျိုရှီက ဆိုပါတယ်။ ဒုံးကျည်ဟာ ကီလိုမီတာ ၅၄၀၀ လောက် အကွာအဝေးက ပစ်မှတ်ကို ချေမှုန်းနိုင်စွမ်း ရှိမယ်လို့လည်း သိရပါတယ်။

 

ဒုံးကျည် မလွှတ်တင်ခင်အတွင်း အိန္ဒိယ အာဏာပိုင်တွေက ကြိုတင် သတိပေးချက် ထုတ်ပြန်ခဲ့ပြီး ဘင်္ဂလား ပင်လယ်အော်ကို မပျံသန်းရဇုန် ယာယီ သတ်တ်မှတ်ကြောင်း ကြေညာခဲ့ပါတယ်။ အိန္ဒိယက ကြေညာထားတဲ့ အတိုင်းဆိုရင် အဲဒီဒုံးကျည်ဟာ အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ ဘယ်အစိတ်အပိုင်းကိုမဆို တိုက်ခိုက်နိုင်မယ့် သဘောပါပဲ။

 

အိန္ဒိယနဲ့ တရုတ်တို့ဟာ ဟိမဝန္တာနဲ့ ဆက်စပ်နေတဲ့ တောင်ပေါ်ဒေသတွေမှာ နယ်စပ်ကိစ္စ မကြာခဏ အငြင်းအခုံ ဖြစ်လေ့ရှိပြီး ဒီဇင်ဘာ ၉ ရက်ကတင် အရူနာချယ်လ် ပရာဒက်ရှ် ဒေသမှာ နှစ်ဖက် စစ်သားတွေ ခိုက်ရန် ဖြစ်ပွားခဲ့ပါသေးတယ်။ အဲဒီ နှစ်နိုင်ငံဟာ ၁၉၆၂ ခုနှစ်မှာလည်း နယ်စပ်ရေးရာ အငြင်းအခုံကြောင့် စစ်ပါ ဖြစ်ခဲ့ဖူးပါတယ်။

 

အိန္ဒိယ ကာကွယ်ရေး ဝန်ကြီး ရက်ဂျ်နက်သ် ဆင်းကတော့ အခုနောက်ဆုံး ပဋိပက္ခမှာ နှစ်ဖက်စလုံး ကြီးကြီးကျယ်ကျယ် ဒဏ်ရာ မရခဲ့ကြောင်း ပြောပါတယ်။ ၂၀၂၀ ပြည့်နှစ်တုန်းက နယ်စပ်မှာ နှစ်ဖက်စစ်တပ်တွေ အလားတူ ပြဿနာ ဖြစ်ခဲ့ရာက အိန္ဒိယ စစ်သား ၂၀ နဲ့ တရုတ် စစ်သား ၄ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီကိစ္စနောက်ပိုင်း အာရှ အင်အားကြီး အိမ်နီးချင်း နှစ်နိုင်ငံရဲ့ ဆက်ဆံရေးမှာ တင်းမာမှုတွေ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။