မော်ကျွန်းမှာပစ်ခတ်ပေါက်ကွဲမှုတွေဖြစ်ပြီးနောက် ဒေသခံသုံးဆယ်ကျော်ကိုစစ်တပ်ကစွပ်စွဲဖမ်းဆီးထား

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်း မြို့နယ်မှာ စစ်ကောင်စီသတင်းပေးဆိုသူတွေနဲ့  ပျူစောထီးအဖွဲ့ဝင်တချို့ ရက်ပိုင်းအတွင်းဆက်တိုက်ပစ်ခတ်ခံရပြီးနောက်ပိုင်း ဒေသခံ ၃၀ ကျော်ကို စစ်ကောင်စီက စွပ်စွဲဖမ်းဆီးထားတယ်လို့ မြို့ခံတွေကပြောပါတယ်။

 

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ရက်နဲ့ ၈ရက်နေ့တွေမှာ ဆင်မဝဲချောင်းကျေးရွာက ပျူစောထီးခေါင်းဆောင်လို့ ဆိုတဲ့ ကိုမင်းမင်းနဲ့ မိခင်ဖြစ်သူပစ်ခတ်ခံရတာဖြစ်ခဲ့သလို ၈ ရက်နေ့မှာလည်း  ကျွန်းကြီးကျေးရွာ စစ်ကောင်စီခန့်ရာ အိမ်မှူး ဦးမြင့်စိုးအိမ်အနီးမှာဖောက်ခွဲမှုတခုဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

 

ဗုံးပေါက်ကွဲမှုကြောင့် ကျွန်းကြီးကျေးရွာက သတင်းပေးလို့ဆိုတဲ့ ရာအိမ်မှူးသတင်းပေး မြင့်စိုး ရဲ့ နေအိမ် ပျက်စီးခဲ့သလို ဆင်မဝဲချောင်း ကျေးရွာက ပျူစောထီး စစ်ခေါင်းဆောင်ဆိုတဲ့  မင်းမင်း နဲ့ သူ့ မိခင် ကတော့ ပြင်းထန်ဒဏ်ရာရရှိ ပြီး ဆေးကုသနေဆဲ ဖြစ်တယ်လို့လည်း မြို့ခံတွေကပြောပြကြပါတယ်။

 

အဲဒီလိုပစ်ခတ်မှုနဲ့ပေါက်ကွဲမှုတွေ ၄ရက်အတွင်းဖြစ်ပြီးတဲ့နောက်မှာ ဒေသခံတွေစွပ်စွဲဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

“မသင်္ကာဘူး မေးစရာရှိတယ်ဆိုပြီး စွတ်ရမ်းဖမ်းနေတာ။ မနေ့က (ဒီဇင်ဘာ ၁၃ ရက်) အထိဖမ်းနေတုန်း ပဲ ။အဖမ်းခံရတဲ့ သူတွေထဲမှာ လမ်းတွေပိတ်ဆို့ စစ်တုန်းက ဖမ်းထားတဲ့ လမ်းသွားလမ်းလာတွေ လည်းပါတယ်။ NLD ဝန်းရံသူ အချို့လည်းပါတယ်၊ တောင်သူတွေလည်း ပါတယ်။ ဘယ်သူမှ ပြန်မလွတ်သေးဘူး “ လို့ ဒေသခံ တစ်ဦး က DNA ကိုပြောပါတယ်။

 

ဧရာဝတီတိုင်းဒေသကကြီးရဲ့  မြို့ပြစစ်ဆင်ရေးအဖွဲ့ကတော့ ပစ်ခတ်ခံရသူတွေက စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ဒေသခံတွေဖမ်းဆီးခံရအောင်၊ နေအိမ်တွေကိုချိပ်ပိတ်ခံရအောင်လုပ်ဆောင်သတင်းပေးတာတွေကြောင့် ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ထားကြပါတယ်။