သူ့အသင်းသားတွေဟာ ကမ္ဘာ့ဖလားကို နှစ်ကြိမ်ဆက်တိုက် ရယူပြဖို့ အဆင်သင့် ဖြစ်နေပြီလို့ ပြင်သစ်အသင်းရဲ့ နည်းပြချုပ် ဒီဒီရာ ဒက်စ်ချမ့်က ကြွေးကြော်လိုက်ပါတယ်။
လက်ရှိ ကမ္ဘာ့ချန်ပီယံ ပြင်သစ်ဟာ ဒဏ်ရာ ပြဿနာတွေကြောင့် အဓိက ကစားသမားတချို့ကို လက်လွှတ်ခဲ့ရပေမယ့်လည်း အခုအခါမှာတော့ ဗိုလ်လုပွဲ အဆင့်ထိ တက်ရောက်လာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အကြိုဗိုလ်လုပွဲမှာ မော်ရိုကို အသင်းကို နှစ်ဂိုးပြတ် နိုင်ခဲ့တဲ့နောက် ပြင်သစ်ဟာ ခြေစွာနေတဲ့ အာဂျင်တီးနားနဲ့ ဗိုလ်လုရတော့မှာ ဖြစ်ပါတယ်။
ဒက်စ်ချမ့်က ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို နှစ်ကြိမ်ဆက် တက်ရောက်ခွင့် ရခဲ့တဲ့အတွက် ပြောမပြတတ်အောင် ဂုဏ်ယူမိကြောင်း၊ ဒါပေမဲ့ မော်ရိုကိုနဲ့ ပွဲစဉ်မှာ လွယ်လွယ်ကူကူ အနိုင်ရခဲ့တာတော့ မဟုတ်ကြောင်း ပြောပါတယ်။
ဒီအဆင့်ထိ ရောက်ဖို့အတွက် ပြင်သစ်ဟာ အရည်အသွေး၊ အတွေ့အကြုံနဲ့ အသင်းလိုက် စုစည်းမှု စိတ်ဓာတ်တွေကို ပေါင်းစပ်ပြီး အခက်ခဲဆုံး အခြေအနေတွေမှာ အမှားအယွင်းမရှိ ကျော်ဖြတ်နိုင်ခဲ့ကြောင်း၊ ဒါကြောင့်လည်း သူ့ကစားသမားတွေအတွက် သိပ်ဂုဏ်ယူမိကြောင်း ကစားသမား ဘဝမှာလည်း ပြင်သစ် အသင်းခေါင်းဆောင် အနေနဲ့ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ရခဲ့ဖူးတဲ့ ဒက်စ်ချမ့်က ဆိုပါတယ်။
ပြင်သစ်ဟာ ချန်ပီယံဆုကို ရယူဖို့ နောက်ထပ် တစ်ပွဲသာ အနိုင်ရဖို့ လိုတော့ကြောင်း၊ အဲဒီအတွက် အဆင်သင့် ဖြစ်နေပြီး လိုအပ်တဲ့ ရလဒ်ကို လက်တွေ့ ပိုင်ဆိုင်နိုင်မယ်လို့ ယုံကြည်နေကြောင်းလည်း သူက ဆက်ပြောပါတယ်။
အခုဆိုရင် ပြင်သစ်ဟာ နှစ်ပေါင်း ၆၀ အတွင်း ကမ္ဘာ့ဖလားကို နှစ်ကြိမ်ဆက် ရယူနိုင်တဲ့ ပထမဆုံး အသင်းအဖြစ် ရပ်တည်နိုင်ဖို့ စိုင်းပြင်းနေပါပြီ။ ဘရာဇီး အသင်းက ၁၉၅၈ နဲ့ ၁၉၆၂ ခုနှစ်တွေမှာ ချန်ပီယံ ဆက်တိုက် ဖြစ်ခဲ့ပြီးတဲ့နောက် ဘယ်နိုင်ငံမှ အဲဒီလို နောက်တစ်ကြိမ် စွမ်းဆောင် မပြနိုင်ခဲ့ပါဘူး။
လွန်ခဲ့တဲ့ ၄ နှစ်က ပြင်သစ်ဟာ ကမ္ဘာကျော် တိုက်စစ်မှူး လီယွန်နယ်မက်ဆီ ဦးဆောင်နေတဲ့ အာဂျင်တီးနားကို ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်မှာ ၄-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူပြီး ဖြုတ်ချထားနိုင်ခဲ့ပါပြီ။ အခုတော့ ဗိုလ်လုပွဲမှာ အဲဒီနှစ်သင်း ပြန်ဆုံကြပြီ ဖြစ်သလို မက်ဆီကလည်း အကောင်းဆုံး ခြေစွမ်းတွေ ပြသနေပါတယ်။
ဒက်စ်ချမ့်က အခုနှစ်မှာတော့ မက်ဆီဟာ ပြိုင်ပွဲ တလျှောက်လုံး အတောက်ပဆုံး ဖြစ်နေခဲ့ကြောင်း၊ နောက်ပြီး အခြေအနေတွေကလည်း လွန်ခဲ့တဲ့ ၄ နှစ်နဲ့ လုံးဝ မတူတော့ကြောင်း၊ မက်ဆီက ပုံစံကောင်း ရနေသလို ကမ္ဘာပေါ်မှာ အထက်မြက်ဆုံး ကစားသမား တစ်ဦးလည်း ဖြစ်နေတဲ့အတွက် သူ့ရဲ့ ခြိမ်းခြောက်မှုတွေကို အတတ်နိုင်ဆုံး ချိုးဖျက်ဖို့ ပြင်သစ်အနေနဲ့ ကြိုးစားရမှာ ဖြစ်ကြောင်း၊ အဲဒီလိုပဲ ပြင်သစ်ရဲ့ ကစားသမားကောင်း တချို့ကို အာဂျင်တီးနားက နည်းလမ်းပေါင်းစုံနဲ့ ပိတ်ဆို့လာမှာကို ကြိုတင် တွက်ဆထားကြောင်းလည်း ပြောကြားသွားခဲ့ပါတယ်။