စစ်အာဏာရှင်စနစ်ဟာ ပဋိပက္ခပေါင်းစုံနဲ့ ပြိုကွဲလိုနီးနီးဖြစ်နေပြီလို့ ပအိုဝ်းအမျိုးသားဖယ်ဒရယ်ကောင်စီ ပြော

ဗမာအပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုအပေါ် ချုပ်ကိုင်ခြယ်လှယ်ခဲ့တဲ့ စစ်အာဏာရှင်စနစ်ဟာ ပဋိပက္ခပေါင်းစုံနဲ့ ပြိုကွဲလုနီးနီးဖြစ်နေပြီဖြစ်တယ်လို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)က ပြောဆို လိုက်ပါတယ်။ 

 

ဒီကနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ကျရောက်တဲ့ (၇၃)နှစ်မြောက် ပဒေသရာဇ် စနစ်ဆိုး ဆန့်ကျင် တော်လှန်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ထုတ်ပြန်ချက်မှာ အဲဒီလိုထည့်သွင်းဖော်ပြပြောဆိုလိုက်တာပါ။ 

 

စစ်အုပ်စုဟာ စစ်ရေးအရ ရှုံးနိမ့်မှု တွေကို ဆက်တိုက်ရင်ဆိုင်နေရပြီး အုပ်ချုပ်ရေးယန္တရားကိုလည်း အပြည့်အဝ ကိုင်တွယ်နိုင်စွမ်းမရှိတော့ဘူးလို့ ဆိုပါတယ်။ 

 

ဗမာအပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုတစ်ရပ်လုံးရဲ့ စစ်အုပ်စုအပေါ် စက်ဆုပ်ရွံရှာ မုန်းတီးမှု ဟာ အထွတ်အထိပ်သို့ရောက်နေပြီဖြစ်လို့ စစ်အာဏာရှင်စနစ်ရဲ့ တရားဝင်မှု ဟာလည်း လုံးဝ လွင့်ပျောက် ကုန်ဆုံး သွားပြီလို့ အဲဒီထုတ်ပြန်ချက်က ဆိုပါတယ်။ 

 

“လက်နက်ကြီး အင်အား၊ လေယာဉ်အင်အား၊ သာလွန်အင်အားတွေနဲ့ ပြည်သူလူထုကို ဘယ်လိုပဲ ရက်စက်သည် ဆိုစေကာမူ စစ်အာဏာရှင်စနစ်ရဲ့ တရားဝင်မှုဟာ ပျောက်ကွယ်သွားပြီဖြစ်ပါတယ်၊ပြည်သူလူထုရဲ့ ယုံကြည် ကိုးစားမှုကလည်း လုံး၀ ကျဆင်းသွားပြီဖြစ်ပါတယ်၊ ဒါကြောင့်မို့လို အလွှဲလွှဲအချော်ချော်သော မူဝါဒတွေ၊ စီမံခန့်ခွဲမှု တွေနဲ့ တိုင်းပြည်ရဲ့ စီးပွားရေးကလည်း ပျက်စီးလုနီးနီးဖြစ်နေပြီဖြစ်ပါတယ်”လို့ PNFC ဥက္ကဌ ခွန်မြင့်ထွန်း ကဒီ ကနေ့ အွန်လိုင်းကလုပ်တဲ့  အခမ်းအနားမှာ ပြောပါတယ်။

 

နိုင်ငံတကာဆက်ဆံရေးဘက်မှာကြည့်ရင်လည်း လက်တစ်ဆုပ်စာနိုင်ငံတွေကလွှဲလို့ စစ်အုပ်စုရဲ့ကိုယ်စားပြုပိုင် ခွင့်ဟာ သုညအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ အာဆီယံအဖွဲ့ကလည်း နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့ ဆက်ဆံပြီး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ ဆုံးဖြတ်ထားပြီဖြစ်တယ်လို့ PNFC ကဆိုပါတယ်။

 

 လက်ရှိမှာ လှည်းနေလှေအောင်းမြင်းဇောင်းမကျန် ပြည်သူလူထုတရပ်လုံးပါဝင်ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေး ရလဒ်အပါအဝင် စုပေါင်းရလဒ်အနေနဲ့ စစ်အာဏာရှင်စနစ်ဆိုးကိုဖျက်သိမ်းပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး အလားအလာ ကောင်းတွေကို တွေ့နေရပြီဖြစ်တယ်လို့လည်း PNFC ရဲ့ထုတ်ပြန်ချက်မှာ ဆိုထား ပါတယ်။

 

 “ပြည်သူလူထုတစ်ရပ်လုံးကလည်း အင်နဲ့ အားနဲ့ အရှိန်နဲ့ အဟုန်နဲ့ ကြိုးပမ်းဆောင်ရွက်နေသလို နိုင်ငံတကာ မိတ်ဆွေများနဲ့ ပြည်တွင်း၊ ပြည်ပ နိုင်ငံတကာမှာရှိသူအားလုံးရဲ့ ထောက်ပံ့မှုတွေ၊ ကူညီမှုတွေနဲ့ ကျွန်တော်တို့ရဲ့  တော်လှန်ရေးဟာ အောင်မြင်မယ်ဆိုတာကို ယုံကြည်ပါကြောင်း ပြောကြားလိုပါတယ်”လို့  ခွန်မြင့်ထွန်းက ဆိုပါတယ်။ 

 

အဲဒီလို စစ်အာဏာရှင်စနစ် ပြိုကွဲလုနီးပါးဖြစ်နေပြီဖြစ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ၊ စစ်အာဏာ ရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတိုက်ပွဲမှာ PNFC နဲ့အတူ ဆ ထက်ထမ်းပိုးလက်တွဲပြီး တိုက်ပွဲဝင်ကြဖို့ လေးလေးနက်နက်ပန်ကြားကြောင်း ထုတ်ပြန်ချက်ကတိုက်တွန်း ထားပါတယ်။ 

 

PNFC ဟာ စစ်အာဏာသိမ်းပြီးနောက် CDM လူထုအရေးတော်ပုံကြီးကအစ နွေဦးတော်လှန် ရေး တလျှောက် လုံးမှာ ပါဝင်ဆင်နွှဲနေတဲ့ ပအိုဝ်းတော်လှန်ရေးမျိုးဆက်သစ်တွေနဲ့ ပအိုဝ်းအမျိုး သား လွတ်မြောက်မှု တော်လှန်ရေးမှာ ပါဝင်ဆင်နွှဲနေကြသူတွေ ပူးပေါင်းပြီး ၂၀၂၁ ဒီဇင်ဘာလ ၁၁ ရက်မှာ ကျင်းပခဲ့တဲ့ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ညီလာခံကနေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။