အပစ်ရပ်ထားပေမယ့် စစ်ရေးလှုပ်ရှားမှုတွေရှိနေလို့ ရခိုင်ဒေသတချို့မှာ ကျောင်းတွေပြန်မဖွင့်နိုင်သေး

ရခိုင်မှာ နှစ်ဘက်တပ်တွေ အပစ်အခတ်ရပ်စဲထားကြပေမယ့် စစ်ရေးလှုပ်ရှားမှုတွေရှိနေသေးတဲ့ အတွက် ဒေသခံတွေ နေရပ်မပြန်နိုင်ကြသေးသလို ဒေသတချို့ကစာသင်ကျောင်းတွေကိုလည်း ပြန်မဖွင့်ကြရ သေး ဘူးလို့ ဒေသ ခံတွေက ပြောကြပါတယ်။ 

 

ပြီးခဲ့တဲ့လအနည်းငယ်အတွင်း တကျော့ပြန်တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ် မင်းပြား၊ ရသေ့တောင်၊ မောင် တော၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး စတဲ့မြို့နယ်တွေက စာသင်ကျောင်းပေါင်း ငါးဆယ်ကျော် ပိတ်ထားခဲ့ရပြီး နှစ်ဘက်အပစ်ရပ်ပြီးနောက်မှာ ကျောင်းတချို့ပြန်ဖွင့်ခဲ့ကြပါတယ်။

အခု အပစ်ရပ်ထားတာ နှစ်ပတ်ကျော်ရှိပြီဖြစ်ပေမယ့် စစ်ကောင်စီက လမ်းတွေ ပြန်မဖွင့်ပေးသေးတာ၊ တပ် လှုပ်ရှားမှုတွေ ရှိနေသေးတာကြောင့် ကျောင်းသူ၊ ကျောင်းသား၊ ရွာသားတွေ နေရပ်မပြန်ရဲကြသေးလို ဆရာ၊ ဆရာမတွေကလည်း လာရောက်စာသင်ပြဖို့ အခက်အခဲရှိနေကြတယ်လို့ ပြောကြပါတယ်။

 “စစ်သားတွေ အတက်အဆင်းရှိတော့ ကြောက်ရတယ်၊ နေဗီ(ရေတပ်)ဆိပ်ရှိတော့ စစ်သားတွေ ရိက္ခာယူဖို့ အတက် အဆင်း ရှိတယ်။ အဲဒါကြောင့် ရွာကို ဘယ်သူ့မှ မပြန်ရဲကြဘူး၊ ဆရာ၊ ဆရာမတွေလည်း မလာရဲ ဘူးလေ”လို့ ကျောင်းမဖွင့် ရသေးတဲ့ ရသေ့တောင်မြို့နယ် အောင်ဇေယျကျေးရွာက ဒေသခံတဦးက ပြောပါ တယ်။ 

အလားတူ မင်းပြားမြို့နယ်နဲ့ မြေပုံမြို့နယ်အကြားက ကျေးရွာပေါင်းနှစ်ဆယ်ကျော်မှာလည်း ကျောင်းတွေ မဖွင့်နိုင် သေးဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။ 

“တစ်ကျောင်းမှ မဖွင့်ဘူး၊ လမ်းမပွင့်တော့ ဆရာ၊ ဆရာတွေ မရောက်တော့ ကျောင်းလည်း မဖွင့်သေးဘူး၊ အခု လမ်းပွင့်ရင်တောင် စစ်သားတွေ ရှိနေသေးတော့ အခက်အခဲရှိသေးတယ်”လို့ မင်းပြားမြို့နယ် ဒေသခံ တဦးက ပြောပါတယ်။ 

လက်ရှိ ပြန်ဖွင့်နိုင်တဲ့ ကျောင်းတွေမှာလည်း ရွာသားတွေ အကုန်လုံး နေရပ်မပြန်ရဲကြတာကြောင့် ကျောင်း သားအားလုံး ကျောင်းလာတက်နိုင်တဲ့ အခြေအနေမရှိသေးဘူးလို့ သိရပါတယ်။

 “အရင်တုန်းက ကျောင်းသားတစ်ရာရှိရင် အခုက ငါးဆယ်လောက်ပဲ ရှိ တော့တယ်၊ အကုန် ပြန်မ ရောက်နိုင် ကြတော့ဘူး၊မပြန်ရဲကြဘူးလေ”လို့ မောင်တောဒေသခံတဦးက ပြောပါတယ်။ 

အခုတကျော့ပြန်တိုက်ပွဲအတွင်း ပိတ်ခဲ့ရတဲ့ စာသင်ကျောင်းတွေအပြင် အရင်တိုက်ပွဲကာလတွေကတည်းက စစ်ကောင် စီတပ်သားတွေ ရွာအတွင်း စခန်းချနေထိုင်ကြတာကြောင့် ရွာလုံးကျွတ်ထွက်ပြေးရကာ ကျောင်း မဖွင့်နိုင်တဲ့ ကျေးရွာတွေလည်း ရခိုင်ပြည်နယ်အတွင်း အများအပြား ရှိနေပါတယ်။ 

“စစ်တပ်က စခန်းချထားတဲ့ရွာတွေဆိုရင် တစ်ရွာမှ မဖွင့်ရဘူးလေ၊ ဟိုးကတည်းက ပိတ်ထားရတာ၊ ရွာသား တွေ လည်း တစ်ယောာက်မှမနေဘူး၊ကျောက်တန်းတိုက်နယ်မှာ အဲလိုရွာတွေ အများကြီးရှိတယ်”လို့ ရသေ့ တောင်မြို့နယ် ကျောက်တန်းရွာသားတဦးက ပြောပါတယ်။ 

 

ရခိုင်က စစ်ရှောင်ကလေးတွေဟာ စစ်ရှောင်စခန်းနဲ့ အနီးတဝိုက်က စာသင်ကျောင်းတွေမှာ ကျောင်းဆက် တက်ကြသူတွေလည်းရှိပေမယ့် အများစုကတော့ စစ်ရှောင်လာပြီးနောက်ပိုင်း စာဆက်မသင်နိုင်ကြတော့ဘူးလို့ ကူညီရေးအဖွဲ့တွေနဲ့ စစ်ရှောင်မိဘတွေက ပြောကြပါတယ်။

 

စစ်ကောင်စီရဲ့ တပ်ရင်းစခန်းတွေအပါအဝင် စစ်စခန်းအများအပြား လက်လွှတ်ခဲ့ရတဲ့အထိ ပြင်းထန်ခဲ့တဲ့ AA နဲ့ စစ်ကောင်စီ တပ်တို့ရဲ့ တစ်ကျော့ပြန်တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်ကစလို့ နှုတ်သ ဘောတူညီချက်နဲ့ အပစ် ရပ်ခဲ့ကြပါတယ်။ အပစ်ရပ်ပေမယ့် စစ်ကောင်စီတပ်ကတော့ အင်အား၊ ရိက္ခာ၊ လက်နက် ဖြည့်တင်းတာ၊ လက်နက်ကြီး၊ လက်နက် ငယ် ပစ်ခတ်တာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ 

 

ဒါ့ကြောင့် နှုတ်နဲ့ သဘောတူ ထားကြတဲ့ အပစ်အခတ်ရပ်စဲရေးဟာလည်း ရေရှည်တည်တံ့နိုင်မှာ မဟုတ်ဘူး လို့ ခန့်မှန်းပြောဆိုမှုတွေရှိနေပြီး တိုက်ပွဲတွေပြန်ဖြစ်မှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။