တမူးကိစ္စစုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ NUGလူ့အခွင့်အရေးဝန်ကြီးပြော

 

စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ  အမျိုးသမီးငယ်တစ်ဦးကို စစ်ကောင်စီသတင်းပေးလို့ ဆိုကာ လူသွားလမ်းမပေါ်မှာအကြမ်းဖက်သတ်ဖြတ်ခဲ့တဲ့ ရုပ်သံဖိုင်တခုထွက်ပေါ်လာတာနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနဘက်ကပြောဆိုပါတယ်။

ဆိုရှယ်မီဒီယာမှာ ပျံ့နှံနေတဲ့ တမူးမြို့က အဖြစ်အပျက်ဗီဒိယိုနဲ့ ပတ်သက်ပြီး သေချာခိုင်လုံအောင် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ စုံစမ်းစစ်ဆေးမှုနဲ့ပြီးသွားရမယ့် အကြောင်းအရာမဟုတ်တဲ့အတွက် ထိုက်သင့်တဲ့ လုပ်ဆောင်မှုတွေ မဖြစ်မနေလုပ်ဆောင်ရမှာပါလို့ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက သူ့ရဲ့လူမှု့ကွန်ယက်စာမျက်နှာကနေတဆင့်ထုတ်ပြန်ပြောဆိုသွားပါတယ်။

ရုပ်သံဖိုင်အတွင်းမှာပါရှိတဲ့ အမျိုးသမီးငယ်ဟာ  အသက် ၂၀ ဝန်းကျင်အရွယ် တမူးဒေသခံတဦးဖြစ်ပြီး ကျောင်းဆရာမတဦးဖြစ်တယ်လို့လည်းသတင်းတွေထွက်ပေါ်နေသလို  DNA ကလည်းအမျိုးသမီးငယ်နဲ့ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ဖို့ကြိုးစားနေပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တမူးကာကွယ်ရေးတပ်တွေနဲ့ နီးစပ်သူတွေကို DNA ကဆက်သွယ်မေးမြန်းကြည့်ရာမှာလည်း တမူးမြို့မှာဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကန်ကြောင်းနဲ့ ရုပ်သံမှာပါဝင်သူတွေဟာ တမူးကာကွယ်ရေးအဖွဲ့ဝင်တွေဖြစ်တာမှန်ကန်ကြောင်းသိရပါတယ်။

‘’ စစ်ကောင်စီတပ်တွေ နိုဝင်ဘာလထဲမှာ စခန်းတခုကိုဝင်စီးရင် မမ်မိုရီစတစ်တခုရသွားတာ’’ လို့ တမူးကာကွယ်ရေးတပ်နဲ့ နီးစပ်သူက DNA ကိုပြောပါတယ်။

ပြည်သူတွေကို အကြမ်းဖက်နေတဲ့စစ်ကောင်စီကို တော်လှန်ရာမှာ ကျင့်ဝတ်နဲ့လုပ်ထုံးလုပ်နည်းတွေ မှန်ကန်ဖို့လိုသလို ရန်ငါပြတ်ဖို့လည်းလိုတာမှန်ပေမယ့် ကိုင်တွယ်ဖြေရှင်းမှုတွေ မမှားယွင်းဖို့လိုတယ်လို့လည်း NUG ရဲ့လူ့အခွင့်အရေးဝန်ကြီးက ပြောဆိုထုတ်ပြန်ထားပါတယ်။