မြို့ပြပြောက်ကျားလူငယ်ကိုးဦး ထပ်မံဖမ်းဆီးခံရပြီး သေဆုံးသူတွေလည်းပါဝင်

ရန်ကုန်မြို့မှာ စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ မြို့ပြပြောက်ကျားလူငယ် ၉ ဦးထပ်မနည်းကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း မြို့ပြပြောက်ကျားတွေက ဒီကနေ့ ဒီဇင်ဘာ ၁ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့ကစပြီး မြို့ပြပြောက်ကျားအဖွဲ့က လူငယ်တဦးကတဆင့် ဆက်စပ်ပြီးအဖွဲ့ဝင် ၉ ဦးအထိ ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေဟာ Anti-Coup Pepole’s Liberation Force – ACPLF UG အဖွဲ့ ဝင်တစ်ချို့ နဲ့ Anonymous Fighter Force–AFFUG အဖွဲ့ဝင်တစ်ချို့ဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ သတင်းတွေကလည်း မြို့ပြပြောက်ကျားလူငယ်တွေ ဖမ်းဆီးထားကြောင်း စစ်တပ်ထိန်းချုပ်ထားတဲ့ သတင်းဌာနတွေမှာ ဖော်ပြနေပါတယ်။

စစ်ကောင်စီကတော့ ဖမ်းဆီးခံလူငယ်တွေဟာ လုယက်မှု၊ ဓါးပြမှုတွေ ကျူးလွန်သူတွေဆိုပြီး စွပ်စွဲထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ ဓါတ်ပုံတွေထဲမှာ လူငယ်တဦးကတော့ ပစ်ခတ်ခံရပြီး သေဆုံးနေတဲ့ အနေအထားနဲ့ ဖမ်းဆီးခံထားရတာကိုလည်း ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်း ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်ထဲမှာ လူငယ်လေးဦးကို စစ်ကောင်စီတပ်တွေက ပစ်ခတ်ဖမ်းဆီးခဲ့ပြီး တဦးသေဆုံးတဲ့အထိ ဖြစ်ခဲ့တဲ့ဖြစ်စဉ်လည်း ဖြစ်ခဲ့ပါတယ်။

အခုလိုရန်ကုန်မြို့မှာ လှုပ်ရှားနေတဲ့ မြို့ပြပြောက်ကျားလူငယ်တွေ ဖမ်းဆီးခံရတာဟာ မြိုပြအတွက်ဆုံးရှုံးမှုတခုဖြစ်ပြီး တော်လှန်ရေးအရှိန်တခုကို ရောက်နေတာကြောင့် မြို့ပြပြောက်ကျားလူငယ်တွေ ဂရုစိုက်ကြဖို့ကိုလည်း Ground News Coverage-GNC အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ အစောပိုင်းကစလို့ ရန်ကုန်မြို့မှာ စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ မြို့ပြပြောက်ကျားလူငယ်တွေ ဆက်တိုက်ဖမ်းဆီးခံရပြီး ဖမ်းဆီးခံရသူ ၁၀ ဦးထက်မနည်း ရှိတယ်လို့လည်း ရန်ကုန်က မြို့ပြပြောက်ကျားလူငယ်တွေက ပြောဆိုထားပါတယ်။