ကမ္ဘာ့ဖလားက စောစောစီးစီး ထွက်ခွာရလို့ နာကျင်ခံစားနေရတဲ့ ဂျာမနီ အသင်းသားတွေ  

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲရဲ့ အုပ်စုအဆင့်ကတင် စောစောစီးစီး ထွက်ခွာရခြင်းကြောင့် စိတ်ပျက်လက်ပျက် ဖြစ်နေကြောင်း ဂျာမနီ အသင်းသားတွေက ဝန်ခံ ဖွင့်ဟခဲ့ပါတယ်။ 

ဂျာမနီ လက်ရွေးစင် အသင်းဟာ အုပ်စု(E) အပိတ်ပွဲစဉ်မှာ ကော်စတာရီကာကို ၄-၂ နဲ့ အနိုင်ရခဲ့ပေမယ့်လည်း တခြားပွဲစဉ်မှာ စပိန်က ဂျပန်ကို ၂-၁ နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ ဒါကြောင့် အမှတ်ပေးဇယား ရပ်တည်မှုမှာ ဂျပန်က အုပ်စုဗိုလ် ဖြစ်လာပြီး စပိန်နဲ့ ဂျာမနီတို့ကတော့ ၄ မှတ်စီ တူပေမယ့် စပိန်က ဂိုးကွာခြားချက် ပြတ်ပြတ်သားသား အသာစီးရပြီး အုပ်စု ဒုတိယ အနေနဲ့ နောက်တစ်ဆင့် တက်သွားပါတယ်။ ဂျာမနီကတော့ အုပ်စု တတိယ နေရာသာ ရပ်တည်နိုင်တာကြောင့် ကာတာကနေ အိမ်အပြန် စောခဲ့ရတာ ဖြစ်ပါတယ်။ 

ဂျာမနီဟာ အုပ်စုအဖွင့် ပွဲစဉ်မှာ ဂျပန်ကို အရေးနိမ့်လိုက် ကတည်းက နောက်တစ်ဆင့်တက်ရေး ဝေဝေဝါးဝါး ဖြစ်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားတုန်းကလည်း အရှေ့ အာရှ အသင်းတစ်သင်းပဲဖြစ်တဲ့ တောင်ကိုရီးယား နှိပ်စက်လို့ နာမည်ကြီး ဂျာမနီတို့ အုပ်စုအဆင့်ကတင် ထွက်ခဲ့ရဖူးပါသေးတယ်။ 

ဘိုင်ယန်မြူးနစ် အသင်းမှာ ကစားနေတဲ့ မူလာက “တကယ့်ကို အကြီးအကျယ် ကပ်ဆိုက်မှုကြီး တစ်ခုလို့ ခံစားရပါတယ်။ ကျွန်တော်တို့ အသင်းရဲ့ ရလဒ်ပိုင်းက (စပိန်သာ ဂျပန်ကို မရှုံးခဲ့ရင်) နောက်တစ်ဆင့် တက်နိုင်ဖို့ လုံလောက်ခဲ့ပါတယ်။ အခုတော့ ကျွန်တော်တို့ ဘာအစွမ်းအစမှ မရှိသလို ခံစားနေရတယ်။ တကယ်လို့သာ ဒါဟာ ကျွန်တော့်ရဲ့ ဂျာမနီအတွက် ကစားတဲ့ နောက်ဆုံးပွဲစဉ် ဖြစ်ခဲ့မယ် ဆိုရင်တောင် ကျွန်တော်ကတော့ ကျေနပ်ပါတယ်။ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်”လို့ ပြောပါတယ်။ 

အသင်းရဲ့ နည်းပြချုပ် ဟန်စီဖလစ်ခ်ကလည်း ကမ္ဘာ့ဖလား ၄ ကြိမ် ရဖူးတဲ့ ဂျာမနီ အသင်းဟာ နှစ်ကြိမ်ဆက်တိုက် ကမ္ဘာ့ဖလား အုပ်စု အဆင့်ကနေ ထွက်ခွာရတယ် ဆိုတာက အစဉ်အလာတွေနဲ့ ကွဲပြားတဲ့ လမ်းကြောင်း တစ်ခုဆီ ဦးတည်နေတယ် ဆိုတာကို ညွှန်ပြနေကြောင်း ပြောပါတယ်။ ဖလစ်ခ်က ကမ္ဘာ့ဖလား ရလဒ်ဆိုးကြောင့် သူဟာ အသင်းနည်းပြချုပ် ရာထူးမှာ ဆက်ရှိမရှိ ဆိုတာကိုတော့ မှတ်ချက် ပေးမသွားပါဘူး။ 

လာမယ့် ဥရောပဖလား ဘောလုံးပွဲအကြောင်း လောလောဆယ် ဘာမှ မပြောနိုင်သေးကြောင်း၊ ဂျာမနီဟာ ကမ္ဘာ့ဖလား ဖြတ်သန်းမှုနဲ့ ပတ်သက်လို့ ပြန်လည် သုံးသပ်ရမှာ ဖြစ်ကြောင်း၊ အသင်းဟာ အစဉ်အလာတွေနဲ့ ခြားနားလွန်းတဲ့ အနေအထားမျိုးကို ဦးတည်နေပြီဖြစ်ကြောင်း ဖလစ်ခ်က ဆိုပါတယ်။ ဂျာမနီ အနေနဲ့ ဒီအခြေအနေဆိုးကနေ အမြန်ဆုံး နာလန် ပြန်ထပြီး အနာဂတ်နဲ့ ပတ်သက်တဲ့ အစီအမံတွေကို ရေးဆွဲဖို့ လိုအပ်ကြောင်း၊ သူဟာ အသင်းရဲ့ ရလဒ်ပိုင်းအတွက် အရေးအကြီးဆုံးသူ တစ်ယောက်ဖြစ်တာကြောင့် ကိစ္စတိုင်းကို ပြန်လည် စိစစ် သုံးသပ်သွားမှာဖြစ်ကြောင်း ဖလစ်ခ်က ပြောကြားသွားခဲ့ပါတယ်။