တောင်ဥက္ကလာပက စစ်ကောင်စီကင်းတဲ ဗုံးပစ်တိုက်ခိုက်ခံရ

ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်က စစ်ကောင်စီကင်းတဲတစ်ခုကို Generation-Y Guerrilla အဖွဲ့က ဒီကနေ့ ဒီဇင်ဘာ (၁) ရက် ၊နေ့လယ်ပိုင်းမှာ လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့တာဝန်ခံက DNA ကိုပြောပါတယ်။

Generation-Y Guerrilla အဖွဲ့နဲ့ မဟာမိတ်အဖွဲ့တွေဟာ ဝေဇယန္တာလမ်းပေါ်က ယာဥ်ထိန်းရုံအနီး စစ်ကောင်စစ်တပ် ကင်းတဲနေရာကို တိုက်ခိုက်ဖို့စီစဥ်ခဲ့ပေမယ့် အနီးနားမှာ ပြည်သူတချို့ရှိနေတဲ့အတွက် ဝေဇယန္တာလမ်းနဲ့ ဂန္ဓမာလမ်းထောင့်က ကင်းတဲကိုပဲ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သူကဆိုပါတယ်။

တိုက်ခိုက်မှုကြောင့် ထိခိုက်မှု အခြေအနေကို မသိရသေးဘဲ အဖွဲ့ဝင်တွေကတော့ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ်လို့ အဖွဲ့တာဝန်ခံက ပြောပါတယ်။

“ပေါက်တဲ့အသံတော့ ကြားလိုက်တယ်၊ လူထိခိုက်တာတော့ မရှိလောက်ဘူး၊ ပေါက်လို့လာကြည့်တာလောက်ပဲရှိတယ်” လို့ တောင်ဥက္ကလာပမြို့နယ်၊ (၉) ရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံပြည်သူတဦးက ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့နေရာကို စစ်ကောင်စီဘက်က faw ကားနှစ်စီးနဲ့ ရောက်လာပြီး စစ်ဆေးတာတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။