ငွေသိန်း၂ထောင်ကျော်တင်လာတဲ့ UABဘဏ်ကားကို ဒါရိုက်ဘာက မောင်းယူထွက်ပြေး

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် ယူနိုက်တက်အမရာဘဏ် UABမှာ ကားဒါရိုက်ဘာက ငွေလွှဲသိန်း ၂ထောင်ကျော် တင်ဆောင်လာတဲ့ ဘဏ်ပိုင်ကားတစ်စီးကို မောင်းနှင်ထွက်ပြေးသွားခဲ့တယ်လို့ ဘဏ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ဒီကနေ့ မေလ ၃ရက်နေ့ နေ့လည်ပိုင်းမှာ ကုမ္ပဏီတစ်ခုမှ မြိတ်မြို့ကို ငွေကျပ် ၂၁၉၅သိန်းလွှဲဖို့ရှိတာကြောင့် ဘဏ်ကို အကြောင်းကြားခဲ့ပြီး အိမ်တိုင်ယာရောက်ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် UABက အကြီးတန်းစာရေးဦးကြည်စင်ငြိမ်း၊ အငယ်တန်းစာရေး ဒေါ်ခင်မို့မို့အောင်တို့ဟာ ဘဏ်မယာဉ်မောင်းဖြစ်သူ ကိုရာဇာထက်နဲ့ သွားယူခဲ့ပါတယ်။
အပြန်မှာ ဦးကြည်စင်ငြိမ်းရဲ့ နေအိမ်မှာ နေ့လည်စာဝင်စားဖို့သွားရင်း ယာဉ်မောင်း ကိုရာဇာထက်က ကားနေရာရွေ့မယ်လို့ အကြောင်းပြပြီး ငွေထုတ်တင်ဆောင်ထားတဲ့ ကားကို မောင်းနှင်ထွက်ပြေးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ကိုရာဇာထက်မောင်းနှင်ယူဆောင်သွားတဲ့ ဘဏ်ပိုင်ယာဉ်ကို တောင်ဥက္ကလာ ၇ရပ်ကွက် ရာဇာသူရ ၄လမ်းထဲမှာ ပြန်လည်တွေ့ရှိပေမယ့် ကားပေါ်မှာ တင်ဆောင်ထားတဲ့ ငွေကျပ် ၂၁၉၅သိန်းနဲ့ ကိုရာဇာထက်ကို မတွေ့တော့ဘူးလို့ သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီး UABဘဏ်တာဝန်ရှိသူတွေက အမှုဖွင့်တိုင်ကြားထားတယ်လို့ သိရပါတယ်။