စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းမှာ စစ်ကောင်စီက နှစ်ရက်အတွင်း ရွာလေးရွာကို စစ် ကြောင်းထိုးဝင်ရောက် မီးရှို့ခဲ့ပြီး ဆက်သွယ်ရေး ဖြတ်တောက်ထားလို့ ပျက်စီးဆုံးရှုံးမှု အခြေအနေကိုအတိအကျမသိရသေးဘူးလို့ အဲ့ဒီမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အင်အားတရာကျော်ဝန်းကျင်နဲ့ နိုဝင်ဘာ (၂၉) ရက်မှာ စတင်စစ်ကြောင်းထိုးလာတာဖြစ်ပြီး မနေ့ကနဲ့ ဒီကနေ့ နှစ်ရက်အတွင်း ရွာလေးရွာကို စီးနင်းဝင်ရောက်ခဲ့ပြီးပြီလို့ သိရပါတယ်။
အဲ့ဒီနှစ်ရက်အတွင်း ထန်းဇင်၊ လက်ပံကျွန်း၊ တောကျောင်းနဲ့ ဆားထုံးကျေးရွာတွေကို စီးနင်းဝင်ရောက်ကာ နေအိမ်တွေကို မီးရှို့တာ၊ ပြည်သူပိုင်ပစ္စည်းတွေကို သယ်ယူသွားတာတွေ လုပ်ခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ် သတင်းပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
“အကြမ်းဖက်စစ်အုပ်စု မော်တော်တွေ လုံခြံရေးယူပေးတဲ့ စစ်ကြောင်းကရှို့တာ” လို့ သူကပြောပါတယ်။ စစ်ကြောင်းထိုးခံရတဲ့ ကျေးရွာတွေဝန်းကျင်မှာ လတ်တလောတိုက်ပွဲ ဖြစ်တာမရှိဘူးလို့လည်း ဆိုပါတယ်။
အဲ့ဒီစစ်ကြောင်းက မီးရှို့တာကြောင့် ထန်းဇင်ကျေးရွာက နေအိမ်နှစ်ဆယ်လောက် မီးလောင်ပျက်စီးသွားတာကို သိရပြီး ကျန်တဲ့ရွာတွေက ထိခိုက်ပျက်စီးမှု အခြေအနေကို မသိရသေးပါဘူး။
အခုလို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတာကြောင့် ဆားလင်းကြီးမြို့နယ်အတွင်း ရွာပေါင်း (၁၄) ရွာလောက်က လူဦးရေ တထောင်ဝန်းကျင် ထွက်ပြေးတိမ်းရှောင်ကြရတယ်လို့လည်း သိရပါတယ်။
အခုရက်ပိုင်းအတွင်း ဆားလင်းကြီးမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့အဖွဲ့ဟာ ရှမ်းနီ BGF တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ သတင်းတချို့မှာ ဖော်ပြပေမယ့် ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဂန်ရှိသူကတော့ စစ်ကောင်စီတပ်ဖွဲ့တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ လက်နက်ကိုင်တော်လှန်တိုက်ခိုက်မှု အားကောင်းနေတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက ရွာတွေကို စစ်ကြောင်းထိုးဝင်တာ၊ မီးရှို့ဖျက်ဆီးတာနဲ့ ရွာတွေထဲက ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူသွားတာတွေ ဆက်တိုက်လုပ်နေတာပါ။
ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းမှာလည်း သီတင်းပတ်နှစ်ခု မပြည့်ခင်မှာပဲ ခင်ဦးမြို့နယ်ထဲက ရွာတွေကိုစစ်ကြောင်းထိုးခဲ့ပြီး နေအိမ်ရှစ်ရာဝန်းကျင်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။