YFA အထည်ချုပ်စက်ရုံက အလုပ်သမားသုံးရာဝန်းကျင်ကို အလုပ်ထုတ်လို့ နစ်နာကြေးရဖို့ ညှိနှိုင်းနေ

ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်မှာဖွင့်ထားတဲ့ YFA အထည်ချုပ်စက်ရုံက အလုပ်သမား သုံးရာဝန်းကျင်ကို ကြိုတင်အသိမပေးဘဲ အလုပ်က ထုတ်လိုက်ပြီး အလုပ်သမားတွေအရေး ကူညီပေးနေသူကိုလည်း ရွှေပြည်သာမြို့နယ် စစ်ကောင်စီက ဖိအားပေးခြိမ်းခြောက်တယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) ဆီက သိရပါတယ်။

YFA အထည်ချုပ်စက်ရုံဟာ လက်ရှိလုပ်ကိုင်နေတဲ့ အလုပ်သမားအားလုံးဖြစ်တဲ့ လူဦးရေ သုံးရာဝန်း ကျင်ကို နိုဝင်ဘာ (၂၉) ရက်မှာ အလုပ်ကနေ ရပ်စဲလိုက်တဲ့အကြောင်းအသိပေးတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီစက်ရုံ တာဝန်ရှိသူတွေက အလုပ်သမားတွေကို အလုပ်ဆက်မလုပ်တော့ကြောင်း လက်မှတ်ထိုးခိုင်းပြီး လက်မှတ်ထိုးမှ လစာထုတ်ပေးမယ်လို့ ဖိအားပေးခဲ့ကြောင်း အဲဒီစက်ရုံအလုပ်သမားတွေအရေး လိုက်ပါကူညီနေသူက ပြောပါတယ်။

“အလုပ်သမားတွေက လစာရဖို့ လက်မှတ်ထိုးလိုက်ရတယ်၊ ဒါပေမယ့် ကြိုအကြောင်းကြားခြင်းမရှိဘဲ အလုပ်ထုတ်ခံရလို့ နို့တစ်ကြေး တစ်လစာရဖို့ရှိတယ်၊ အဲဒီအတွက် သွားပြီးညှိနိူင်းခဲ့တယ်”လို့ သူကပြောပါတယ်။

အလုပ်က ရပ်စဲထားသူတွေကို ပြန်ခန့်ဖို့နဲ့မခန့်ရင် နို့တစ်ကြေး တစ်လစာပေးလျော်ဖို့ ဒီကနေ့မနက်ပိုင်းမှာ အလုပ်ရှင်ကိုယ်စားလှယ်၊ အလုပ်သမားကိုယ်စားလှယ်နဲ့ မြို့နယ်အလုပ်သမားရုံး တာဝန်ရှိသူတွေ ညှိနှိုင်းခဲ့ပြီး အလုပ်ရှင်ကိုယ်စားလှယ်ကတော့ အလုပ်ရှင်ဆီတင်ပြပြီး မနက်ဖြန်မှာ အဖြေအတိအကျပေးမယ်လို့ ကတိပြုခဲ့ကြောင်း သိရပါတယ်။


“အလုပ်သမားအရေး ဆက်လုပ်ရင်ဖမ်းမယ်၊ အရေးယူခံရမယ်ဆိုတာမျိုး ခြိမ်းခြောက်ခံရတယ်”လို့ YFA စက်ရုံ အလုပ်သမားတွေအရေး ကူညီပေးနေသူက ပြောပါတယ်။

အခုလို အလုပ်သမားအရေး ကူညီဆောင်ရွက်တာဟာ ဥပဒေနဲ့အညီလုပ်တာဖြစ်လို့ ဖိအားပေးခြိမ်း ခြောက်တာကို လက်မခံနိုင်ကြောင်းလည်း သူကပြောပါတယ်။

အလုပ်က ရပ်စဲခံရတဲ့ အလုပ်သမားတွေကတော့ ရပိုင်ခွင့်အပြည့်အဝရဖို့ မျှော်လင့်နေကြတယ်လို့ သိရပါတယ် အခြေအနေနဲ့ ပတ်သက်ပြီး DNA အနေနဲ့ စက်ရုံတာဝန်ရှိသူတွေကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။

ရွှေပြည်သာမြို့နယ်မှာ အခုနှစ်အတွင်း စက်ရုံသုံးရုံ ပိတ်သိမ်းခဲ့ပြီး အခု YFA စက်ရုံကလည်း အလုပ် သမားအားလုံးကို ကြိုတင်အသိမပေး၊ နစ်နာကြေးမပေးဘဲ ဖိအားပေးအလုပ်ထုတ်ဖို့ ကြိုးပမ်းတဲ့ဖြစ်စဉ် ပေါ်ပေါက်လာတာပါ။