လှိုင်မြို့နယ် ညနေစျေးတန်းကို စစ်တပ်နဲ့ ရဲအင်အားအလုံးအရင်းနဲ့ ဝင်ဖျက်နေ

ရန်ကုန်တိုင်းဒေသကြီး၊ လိူင်မြို့နယ် ၁၃ ရပ်ကွက်ထဲမှာရှိတဲ့ ဓမ္မသုခကျောင်းလမ်း ညနေစျေးတန်းကိုဒီကနေ့ နိုဝင်ဘာ ၂၉ ရက်မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်သားတွေပေါင်းပြီးဆိုင်ခန်းတွေကို ဖျက်သိမ်းနေတယ်လို့ ဒေသခံတွေက DNA ကပြောပါတယ်။

“အရင်ကလုပ်​နေကျအတိုင်း ​စျေးတန်းကိုလာရှင်းတဲ့ပုံပါပဲ။ အဲဒီနေရာက တရားဝင် ဆောက်ထားတဲ့ စျေးဆိုင်ခန်းတွေ မရှိပေမယ့် စျေးအဖြစ်ရှိ နေတာကတော့ နှစ်ပေါင်းအတော်ကြာပါပြီ” လို့ အဲ့ဒီ့ရပ်ကွက်မှာနေထိုင်သူတဦးကDNA ကိုပြောပါတယ်။

အခုလက်ရှိအချိန်ထိဖျက်သိမ်းခံရတဲ့ ဆိုင်အရေအတွက် ၂၀ဝန်းကျင်ရှိနေပြီး စစ်တပ်၊ စည်ပင်နဲ့ ရဲတပ်သားတွေပေါင်းပြီး ဆိုင်တွေဖျက်ပြီးအမိုးတွေကို ကားနဲ့တင်နေတာတွေ ဆက်လုပ်နေတယ်လို့ ဒေသခံတွေက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လထဲမှာလည်း ကမာရွတ်မြို့နယ်ထဲက လှည်းတန်း ပေ၅၀ စျေးကို တော်လှန်ရေးအင်အားစုတွေရဲ့ သပိတ်တွေကို ထောက်ခံတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့စျေးဆိုင်ခန်းရှေ့က ပစ္စည်းတွေကို စစ်တပ်နဲ့ရဲအင်အားပေါင်းပြီး မီးရှို့တာတွေ လုပ်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။

အလားတူပဲ စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုတခုဖြစ်တဲ့ အသံတိတ်သပိတ်မှာ ပါဝင်ပြီးစျေးဆိုင်ခန်းတွေမဖွင့်ခဲ့တဲ့ နိုင်ငံတဝန်းက စျေးတွေကိုလည်း စစ်တပ်က ခြိမ်းခြောက်ခဲ့ပါတယ်။

ဒါ့အပြင် စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေ အပါအဝင် ဒေသတချို့မှာရှိတဲ့ လူနေအိမ်တွေကို ကျူးကျော်အဖြစ်သတ်မှတ်ပြီး ဖျက်ပစ်တာတွေဆက်တိုက်ဆိုသလိုလုပ်နေတာကိုလည်း တွေ့ရပါတယ်။