လှိုင်မြို့နယ်မှာ အမျိုးသားတစ်ဦးကို စစ်တပ်က နေအိမ်မှာလာရောက်ဖမ်းဆီး

ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ၁၃ရပ်ကွက်၊ သီရိမြိုင် (၂) လမ်းက အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်သားတွေက အောက်တိုဘာ (၃၁) ရက် ညသန်းခေါင်အချိန် နေအိမ်မှာ လာရောက် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက DNA ကို ပြောပါတယ်။

“တိုက်ပေါ်ကိုတက်စစ်ပြီး ဖမ်းသွားတာ၊ အိမ်စီးကားတစ်စီးနဲ့ စစ်ကားတစ်စီးပါတယ်၊ အင်အားက (၁၅) ယောက် လောက်ရှိတယ်” လို့ သီရိမြိုင် (၂) လမ်းအတွင်း နေထိုင်သူ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက အဲ့ဒီအမျိုးသားကိုနေအိမ်က ဖမ်းဆီးခေါ်ဆောင်သွားတဲ့အပြင် ပစ္စည်းတွေကိုလည်း သိမ်း ဆည်း ယူဆောင်သွားတာတွေ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့အမျိုးသားဟာ ရပ်ကွက်အတွင်းမှာ အရင်ကတည်းက အခြေချနေထိုင်လာသူမဟုတ်ဘဲ မျက် နှာစိမ်းတဦးဖြစ်ပြီးး စစ်ကောင်စီဘာကြောင့် ဖမ်းဆီးသွားတယ်ဆိုတာကိုတော့ ရပ်ကွက်အတွင်းနေ ထိုင်သူ တွေ မသိကြပါဘူး။

လက်ရှိအခြေအနေတွေအရ သတင်းကွင်းဆက်အနေနဲ့လာရောက်ဖမ်းဆီးတာဖြစ်နိုင်တယ်လို့ ဒေသခံတဦးက သုံးသပ်ပြောဆိုပါတယ်။

“အိမ်လိပ်စာအတိအကျနဲ့ကိုလာတာ၊အိမ်စီကားထဲမှာလည်း သူတို့ ပထမဖမ်းခေါ်လာတဲ့ လူတစ်ယောက် လည်းပါလာတယ်လို့တော့ထင်တယ်၊ညဘက်ဆိုတော့ ကားထဲကို သဲသဲကွဲကွဲမမြင်ရဘူး၊ ပေါ်ပေါ်တင်တင်လည်း မကြည့်ရဲဘူး၊ကိုယ်နဲ့မဆိုင်ရင် မကြည့်နဲ့လို့ပြောတော့ မကြည့်ရဲဘူး”လို့ သူကပြောပါတယ်။

လက်ရှိမှာလည်း ဖမ်းဆီးခံရတဲ့အမျိုးသားနေထိုင်ခဲ့တဲ့ နေအိမ်အနီးမှာ အရပ်ဝတ်နဲ့လူစိမ်းတချို့ ရှိနေပြီး စောင့်ကြည့်နေတဲ့အခြေအနေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။