မန္တလေးမြို့က သံဃသမဂ္ဂ ဦးဆောင်သံဃာတပါးဖြစ်တဲ့ ဦးကလျာဏနဲ့ မန္တလေးသပိတ်အင်အားစုအ ဖွဲ့ဝင် လူငယ်လေးဦး စုစုပေါင်းငါးဦးကို စစ်ကောင်စီတရားရုံးက ခုခံချေပခွင့်မပေးဘဲ ပထမဆုံးရုံးချိန်းမှာတင် ထောင်ဒဏ်သုံးနှစ်စီ ချမှတ်လိုက်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ လကုန်ပိုင်းမှာ ဖမ်းဆီးခံခဲ့ရတဲ့ သံဃသမဂ္ဂ (မန္တလေး) ဦးဆောင်ဆရာတော်တစ်ပါးဖြစ်သူ ဦးကလျာဏ (ခ) ဦးယောကြီး၊ မန္တ လေး သပိတ်အင်အားစုက သပိတ်တက်ကြွလှုပ်ရှားသူ ကိုပိုင်နွေဦး၊ ကိုဥက် (ခ) ကိုကောင်းခန့်ဇော်၊ ကိုနေရဲ၊ ကိုဟိန်းမောင်တို့ကိုမန္တလေးမြို့၊ ပြည်ကြီးတံခွန်တရားရုံးက အခုလ (၂၄)ရက်နေ့မှာ ပုဒ်မ ၊ ၅၀၅(က) နဲ့ ထောင်ဒဏ် (၃)နှစ်စီ အမိန့်ချမှတ်လိုက်တယ်လို့ သိရပါတယ်။
ဆရာတော်ဦးကလျာဏနှင့် သပိတ်တက်ကြွလှုပ် ရှားသူလူငယ်လေးဦးကိုအခုလို ခုခံချေပခွင့်မပေးဘဲ ထောင်ဒဏ်သုံးနှစ်စီအမိန့်ချမှတ်တာဟာလူ့အခွင့်အရေးကိုပြောင်ပြောင်တင်းချိုးဖောက်တာဖြစ်တယ်လို့ သံဃသမဂ္ဂဦးဆောင်ဆရာတော် အရှင်ရာဇဒမ္မက DNA ကိုမိန့်ပါတယ်။
” ပထမဆုံး ရမန်ယူ၊ နောက်ရုံးချိန်း၊ အမူစစ်၊ ဒီဘက်ကလည်းရှေ့နေငှားပြီးခုခံချေပရမယ်၊ ဒါဟာလုပ်ရိုးလုပ်စဥ်ပေါ့၊ ခုတော့ဒါတွေတစ်ခုမှမရှိပဲ ပထမရုံးချိန်းမှာတင် တန်းအမိန့်ချဖြစ်တာ၊လုံးဝမဖြစ်သင့်ဘူး။ တရားမျှတမူမရှိဘူး” လို့ ဆရာတော် အရှင်ရာဇဒမ္မက မိန့်ပါတယ်။
တော်လှန်ရေးလုပ်နေတဲ့သူတွေအနေနဲ့တနေ့တချိန်ချိန်မှာအဖမ်းခံရနိုင်တယ်ဆိုတာ တွက်ထားပြီီးသားဖြစ်ပေမယ့် သူတို့ကိုခုခံချေပခွင့်ပေးရမှာဖြစ်တယ်လို့ဆရာတော်ကဆိုပါတယ်။
အခုလိုခုခံချေပခွင့်မပေးတာ၊ ဦးကလျာဏကို အ တင်း အဓမ္မလူဝတ်လဲတာဟာ လူသားတစ်ယောက်ရဲမွေးရာပါအခွင့်အရေးကို ဘာတစ်ခုမှမပေးတာဖြစ်တယ်လို့လည်း ဆရာတော်က ဝေဖန်ပါတယ်။
” သာမာန်ရဟန်းကိုမပြောနဲ့ သူတို့ကိုဆန့်ကျင်ရင် အထင်ကရဆရာတော်ကြီးတွေကိုတောင် ရက်ရက်စက်စက်လုပ်ခဲ့တာ၊ ကျူးလွန်တဲ့စစ်ခေါင်းဆောင်တွေဟာ သူတို့အပြစ်ရှိမှန်းလည်းသိတယ်၊ ဒါပေမယ့် အာဏာကိုစွန့်လွတ်ရမှာ ကြောင့် အပြစ်ရှိမှန်းသိသိကြီးနဲ့လုပ်နေတာဖြစ်တယ်” လို့ ဆရာတော်က ဆိုပါတယ်။
ဆရာတော်ဦးကလျာဏနဲ့လူငယ်လေးဦးကို တဖက်သတ်အမိန့်ချတာနဲ့ပတ်သက်ပြီး မန္တလေး သံဃသမဂ္ဂအဖွဲ့က ရူတ်ချကြောင်းနဲ့လူပီပီသသ နဲ့ လူ့အခွင့်အရေးအပြည့်အဝရဖို့စစ်အာဏာရှင်တွေနဲ့ သူတို့ရဲ့ဒေါက်တိုင်တွေကိုအမြစ်ဖြတ်မှသာ ရရှိနိုင်မှာဖြစ်တယ်လို့ သံဃသမဂ္ဂ(မန္တလေး)ကထုတ်ပြန်ထားပါတယ်။