ရှေ့တန်းရောက် စစ်သားတချို့ရဲ့ မိခင်တချို့နဲ့ ပူတင် တွေ့ဆုံ 

ယူကရိန်း စစ်မြေပြင်ရောက် ရုရှားစစ်သား တချို့ရဲ့ မိခင်တွေနဲ့ သမ္မတ ဗလာဒီမာ ပူတင်က တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။ 

နိုဝင်ဘာ ၂၅ ရက်က ပူတင်နဲ့ တွေ့ဆုံခဲ့ကြတဲ့ အမျိုးသမီးတွေထဲမှာ လက်ရှိ ရှေ့တန်းမှာ တာဝန် ထမ်းဆောင်နေတဲ့ ရုရှား တပ်ဖွဲ့ဝင်တွေ အပါအဝင် တိုက်ပွဲမှာ အသက်ပေးခဲ့ရသူတွေရဲ့ မိခင်တွေပါ ပါဝင်နေပါတယ်။ စစ်ပွဲကို သူ့ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ စတင်စေခဲ့တဲ့ ပူတင်က အဲဒီ အမျိုးသမီးတွေရဲ့ နာကျင်မှုကို မျှဝေ ခံစားနိုင်ကြောင်း ပြောခဲ့ပါတယ်။ 

သားတစ်ယောက် ဆုံးရှုံးသွားမှုကို ဘယ်လို နည်းနဲ့မှ အစားထိုးနိုင်မှာ မဟုတ်မှန်း ကောင်းကောင်း နားလည်ပါတယ်လို့ ပူတင်က ဆိုပါတယ်။ ဒီမှတ်ချက် စကားကို ရုရှား အစိုးရ မီဒီယာတွေက အဓိက မီးမောင်းထုတ် ထုတ်လွှင့် ပြသခဲ့ပါတယ်။ 

ဒါပေမဲ့ အတွင်းသိတွေကတော့ အဲဒီ အမျိုးသမီး အားလုံးဟာ ရုရှား အစိုးရ လိုလားတဲ့ မိသားစုတွေကနေ သေသေချာချာ စိစစ် ရွေးချယ်ထားတာ ဖြစ်တယ်လို့ ပြောပါတယ်။ လက်တွေ့ အခြေအနေအရ ယူကရိန်း စစ်မြေပြင်မှာ အဆုံးအရှုံး များလွန်းနေတာတွေကြောင့် ရုရှားမှာ စစ်ဆန့်ကျင်ရေး တောင်းဆိုမှုတွေ ပိုမို ကျယ်လောင်လာနေပါတယ်။ 

နိုင်ငံအနှံ့မှာ စစ်မှုထမ်းတွေရဲ့ မိခင်တွေက သူတို့ရဲ့ သားတွေကို ရှေ့တန်း စေလွှတ်နေတဲ့ ပူတင် အစိုးရအပေါ် ပွင့်ပွင့်လင်းလင်း ဝေဖန် ရှုတ်ချနေကြပါတယ်။ ဒါ့အပြင် မကြာသေးခင် လပိုင်းတွေအတွင်း ရုရှားဟာ စစ်မြေပြင်မှာ အဆုံးအရှုံးတွေ ပိုပြီး ကြုံတွေ့လာတဲ့အတွက် ကရင်မလင် နန်းတော်က ပုဂ္ဂိုလ်တွေဟာ ဖိအားတွေ ပိုပြီး ရင်ဆိုင်နေရပါတယ်။ 

အမေရိကန် ထိပ်တန်း စစ်ဗိုလ်ချုပ် မတ်ခ် မစ်လီက ဖေဖော်ဝါရီ ၂၄ ရက်၊ ကျူးကျော်စစ်ပွဲ စတင်ချိန် ကတည်းက ရုရှားဖက်ကရော၊ ယူကရိန်းဖက်ကပါ စစ်သည် တစ်သိန်းစီလောက် သေကြေ ဒဏ်ရာရခဲ့ကြပြီး ဖြစ်တယ်လို့ ပြောပါတယ်။ 

စစ်သားတွေရဲ့ မိခင်တွေနဲ့ တွေ့ချိန်မှာ ပူတင်က သူဟာ ပုဂ္ဂိုလ်ရေး အရရော၊ နိုင်ငံခေါင်းဆောင် အနေနဲ့ပါ အဲဒီ ထိခိုက် နာကျင်မှုတွေကို သိရှိ မျှဝေပေးနိုင်ပါတယ်လို့ နှစ်သိမ့်ခဲ့ပါတယ်။ နောက်ပြီး အမျိုးသမီး တစ်ဦးကို သူ့သားဟာ ရည်မှန်းချက်တွေ အထမြောက်အောင် လုပ်ဆောင်သွားခဲ့ပြီး အလဟဿ ကျဆုံးသွားတာ မဟုတ်ပါဘူးလို့ ပြောဆိုနေတာကိုလည်း တွေ့ရပါတယ်။ 

နောက်ပြီး စစ်ပွဲနဲ့ ပတ်သက်လို့ သတင်းတု၊ သတင်းမှားတွေကိုလည်း မယုံကြည်ကြဖို့ ပူတင်က အဲဒီ အမျိုးသမီးတွေကို တိုက်တွန်းခဲ့ပါသေးတယ်။ ရုရှားမှာ အစိုးရက လူမှုကွန်ရက် မီဒီယာတွေကို တင်းတင်းကျပ်ကျပ် ကန့်သတ် ပိတ်ဆို့ထားပေမယ့် နိုင်ငံသား အများစုကတော့ VPNတွေ အသုံးပြု ကျော်လွှားပြီး စစ်ပွဲနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေကို ရှာဖွေ ဖတ်ရှုနေကြဆဲ ဖြစ်ပါတယ်။