ဒဏ်ရာကြောင့် ဘရာဇီးရဲ့ လက်ကျန် အုပ်စုပွဲစဉ် အားလုံးနဲ့ လွဲတော့မယ့် နေမာ 

ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်မှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် ကမ္ဘာ့ဖလား အုပ်စုပွဲစဉ် အားလုံးကို နေမာက လွဲချော်သွားတော့မှာ ဖြစ်ပါတယ်။ 

ဘရာဇီး ဘောလုံး အဖွဲ့ချုပ်က အသက် ၃၀ အရွယ် တိုက်စစ်သမားဟာ နောက်ထပ် ၂ ပွဲကို သေချာပေါက် လွဲချော်လိမ့်မယ်လို့ အတည်ပြုခဲ့ပါတယ်။ နေမာဟာ ဆာဘီးယားကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ နစ်ကိုလာ မီလန်ကိုဗစ်ရဲ့ အပြင်းအထန် ဖျက်ထုတ်မှုကြောင့် ဒဏ်ရာရသွားတာ ဖြစ်ပါတယ်။ 

ကမ္ဘာ့ဖလားမှာ ချန်ပီယံ ဖြစ်ဖို့ထိ ရည်မှန်းချက်ထား ပြင်ဆင်နေတဲ့ ဘရာဇီး အတွက်တော့ နေမာလို အဓိက ကစားသမားကို လက်လွှတ်ထားရခြင်းဟာ ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လာနိုင်ပါတယ်။ အဲဒီပွဲစဉ်မှာ နေမာဟာ ဆာဘီးယား ကစားသမားတွေရဲ့ ပစ်မှတ် ဖြစ်ခဲ့ပြီး အကြိမ်ကြိမ် လူချ ကစား ခံခဲ့ရပါတယ်။ 

ဒဏ်ရာ ရသွားပြီး ကွင်းထဲမှာ ကုသမှု ခံယူရချိန်မှာ နေမာဟာ သူ့မျက်နှာကို လက်နဲ့ အုပ်ထားတာ တွေ့ရသလို ဓာတ်ပုံတွေ အရ နေမာရဲ့ ညာဖက် ခြေကျင်းဝတ်ဟာ အတော်ကြီး ရောင်ရမ်းနေခဲ့တာ တွေ့ရပါတယ်။ 

နေမာက ဒဏ်ရာကြောင့် နားနေရတယ် ဆိုတာက ဘယ်လိုမှ အဆင်မပြေပေမယ့် သူဟာ အခွင့်အရေး ရတဲ့အချိန်မှာ အသင်းအတွက် အကောင်းဆုံး ပုံစံနဲ့ ပြန်လာပြီး အသင်းဖော်တွေနဲ့ ဘရာဇီး နိုင်ငံကို အစွမ်းကုန် ကူညီသွားမယ်လို့လည်း Instagramမှာ ရေးသားထားခဲ့ပါတယ်။ 

ဘရာဇီးဟာ လာမယ့် သီတင်းပတ်မှာ အုပ်စုလက်ကျန် ပွဲစဉ်တွေအဖြစ် ဆွစ်ဇာလန်၊ ကင်မရွန်းတို့နဲ့ ရင်ဆိုင် ကစားကြရမှာ ဖြစ်ပါတယ်။ နေမာအပြင် ဘရာဇီး ညာနောက်ခံလူ ဒန်နီလိုဟာလည်း ခြေကျင်းဝတ် ဒဏ်ရာကြောင့် လာမယ့် ပွဲစဉ် ၂ ခုကို လွဲချော်မယ်လို့ သိရပါတယ်။