စမ်းချောင်း အလက (၃) ကျောင်းရှေ့ ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသားတဦး ပြင်းထန် ဒဏ်ရာရ

စမ်းချောင်းမြို့နယ်၊ကျွန်းတော (တောင်)ရပ်ကွက်၊ဗဟိုလမ်းနဲ့ ပုသိမ်လမ်းထောင့်ကအမှတ်(၃) အခြေ ခံပညာအလယ်တန်းကျောင်းရှေ့မှာ ဒီကန့ နိုဝင်ဘာ (၂၃)ရက် ညပိုင်းမှာပေါက်ကွဲမှုဖြစ်ပြီး အမျိုးသားတဦးပြင်းထန်ဒဏ်ရာရတယ်လို့ ဒေသခံတွေက DNA ကို ပြောပါတယ်။

“ပေါက်တာတော်တော်လေးပြင်းတယ်၊ထိသွားတဲ့အမျိုးသားတဦးတော့ ခန္ဓာကိုယ်အောက်ပိုင်း ပြတ်ထွက်သွားတာ၊ခန္ဓာကိုယ်အောက်ပိုင်းက အစအနတွေဆိုရင် တော်တော်ဝေးဝေးကိုလွှင့်သွားလို့ ကယ် ဆယ်ရေးအဖွဲ့တွေက အိတ်အမဲနဲ့ထည့်ပြီး ကောက်သွားတယ်”လို့ ဒေသခံ ကျွန်းတော(တောင်)ရပ်ကွက်မှာနေထိုင်တဦးက ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့နေရာကို အရေးပေါ်လူနာတင်ယာဥ် ငါးစီးလောက်ရောက်လာပြီး ဒဏ်ရာရတဲ့အ မျိုးသားကိုရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်နေတယ်လို့ ဆိုပါတယ်။

အရပ်ဝတ် လက်နက်ကိုင်စစ်ကောင်စီတပ်သားတချို့လည်း အဲ့ဒီနေရာကိုရောက်လာပြီး စုံစမ်းစစ် ဆေးတာတွေလုပ်နေတယ်လို့လည်းသိရပါတယ်။

ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး တချို့ဒေသခံတွေက ဂက်စ်အိုးပေါက်တာဖြစ်တယ်လို့ ဆိုပြီး တချို့က တော့ ဗုံးပေါက်ကွဲမှုဖြစ်ပွားတာလို့ ဆိုပါတယ်။

ဒါပေမယ့်ဖြစ်စဥ်ကို မျက်မြင်တွေ့ရှိခဲ့သူတချို့ကတော့ ပေါက်ကွဲမှုဖြစ်တဲ့နေရာနားမှာ လူတစ်ဦးက အထုတ်တစ်ထုတ်လာချသွားတယ်လို့လည်းဆိုပါတယ်။

“အထုပ်အမဲနဲ့အခုပေါက်တဲ့နေရာနားမှာလာချသွားတာတွေ့လိုက်တယ်လို့ မျက်မြင်တွေ့တဲ့လူတွေကတော့ပြောကြတယ်”လို့ စမ်းချောင်းမြို့နယ်အတွင်းနေထိုင်သူတဦးကပြောပါတယ်။

ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး DNAသတင်းဌာနအနေနဲ့ ဆက်လက်စုံစမ်းမေးမြန်းနေဆဲဖြစ်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်တွေက ပေါက်ကွဲမှုဖြစ်တဲ့နေရာအနီးဝန်းကျင်နဲ့ဗဟိုလမ်းမကြီးကို ပိတ်ထားတယ်လို့ သိရပါတယ်။