စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ ခိုးဆိုးလုယက်မှုတွေနဲ့ ဓားပြမှုကျူးလွန်သူ ၃၇ဦးကို မုံရွာ ပလဖက ဖော်ထုတ်ဖမ်းဆီးထားတယ်လို့ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့- မြို့နယ် ပ.လ.ဖ ကDNA ကိုပြောပါတယ်။
မုံရွာမြို့ပေါ်မှာ ခိုးဆိုးလုယက်မှုတွေ မကြာခဏဖြစ်ပွားနေပြီး ခိုးဆိုးလုယက်မှုကျူးလွန်သူတွေကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ က ဖမ်းဆီးအရေးယူတာမရှိဘဲ ပျက်ကွက်နေတာကြောင့် မုံရွာပလဖကနေ အခုလိုအရေးယူမှုတွေပြုလုပ်တာဖြစ်တယ်လို့ဆိုပါတယ်။
“မုံရွာမြို့ပေါ်မှာ ခိုးဆိုးလုယက်မှုတွေကိုလုပ်နေတဲ့သူတွေကို ကျွန်တော်တို့ ဖော်ထုတ်ဖမ်းဆီးထားပါတယ်။ ခိုးဆိုးလုယက်မှုတွေကို ဦးဆောင်နေတဲ့သူကို KTV တစ်ခုမှာ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ ဒီကောင်တွေအလုပ်လုပ်ချိန်ကညပိုင်းတွေမှာ အများပြည်သူတွေ ဘယ်သူမှ အပြင်ထွက်လို့မရတဲ့အချိန်ဖြစ်တဲ့ ည ၁၂ နာရီနဲ့ နံနက် ၃ နာရီအချိန်တွေ ဖြစ်တယ်။ ခိုးဆိုးလုယက်သူတွေက အကြမ်းဖက်စစ်ကောင်စီအဖွဲ့တွေနဲ့ ပတ်သက်ဆက်စပ်နေလားဆိုတော့ သူတို့နဲ့စကစအဖွဲ့တွေနဲ့ လက်ဝါးချင်းရိုက်ထားကြတာ တွေ့ရတယ်။ အရင်တုန်းက ခိုးဆိုးလုယက်သူတွေက ရဲတွေကို ဆပ်ကြေးပေးရတယ်။ အခုကျတော့ ဆပ်ကြေးမဟုတ်တော့ဘူးဗျ။ ခိုးဆိုးလုယက်သူတွေက အကြမ်းဖက်စစ်ကောင်စီကို သတင်းပြန်ပေးရတယ်။ဥပမာ ရန်ကင်းရပ်ကွပ်ကိုသူတို့ဝင်မယ်ဆိုပါတော့အဲ့ဒီရပ်ကွက်တွေထဲမှာ PDF တွေ ဘယ်နေရာမှာရှိနေလဲပေါ့”လို့မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့- မြို့နယ် ပ.လ.ဖ မှ တာဝန်ရှိသူတစ်ဦးက DNAကိုပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာလည်း မုံရွာမြို့ပေါ်မှာ ဖမ်းဆီးရမိတဲ့ ခိုးဆိုးလုယက်သူတဦးဟာစစ်ကောင်စီကိုသတင်းပေးတဲ့အကြောင်း ဝန်ခံထုတ်ဖော်ထားတဲ့ ဗီဒီယိုဖိုင်တခုကိုလည်း မုံရွာပလဖကထုတ်ပြန်ထားပါတယ်။
ခိုးဆိုးလုယက်သူတချို့ဟာ စစ်ကောင်စီကိုသတင်းပေးတယ်ဆိုတဲ့ မုံရွာပလဖရဲ့ပြောဆိုချက်ရှိပေမယ့် မုံရွာမြို့ပေါ်က ခိုးဆိုးလုယက်သူတွေအားလုံးဟာစစ်ကောင်စီကိုသတင်းပေးနေသူတွေဖြစ်နိုင်လားဆိုတာကိုတော့ DNA က သီးခြားအတည်ပြုနိုင်တာမရှိပါဘူး။
မုံရွာမြို့ပေါ်မှာခိုးဆိုးလုယက်မှုတွေကိုကျူးလွန်နေသူတွေဟာ အရွယ်မျိုးစုံဖြစ်ပြီး အသက် ၁၆ နှစ်ကနေအသက် ၄၇နှစ်အထိဖြစ်ပြီး ဆိုင်ကယ်စီးလာသူတွေကို ရိုက်နှက်လုယက်မှုကတော့ အများဆုံးဖြစ်တယ်လို့လည်း မုံရွာမြို့ခံတွေရဲ့ပြောပြချက်အရသိရပါတယ်။
နောက်ထပ် ကျူးလွန်မှုတွေအနေနဲ့ နေအိမ်တွေကို ဖောက်ထွင်းခိုးယူတာ ၊ ဓါးပြတိုက်တာ နဲ့ ဆိုင်ကယ်စီးလာသူတွေကို ရိုက်နှက်လုယက်တာတွေစတဲ့ပြစ်မှုများကို အများဆုံးကျူးလွန်ကြောင်း မုံရွာမြို့နယ် ပ.လ.ဖ ကပြောပါတယ်။
ဒါ့အပြင်စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာပဲ မုံရွာမြို့ပေါ်မှာ မုဒိန်းမှုကျူးလွန်ခံရတဲ့အမျိုးသမီးငယ်တွေလည်း ရှိနေပြီး မုံရွာပကဖက ဖော်ထုတ်ဖမ်းဆီးထားတဲ့ဖြစ်စဉ်တွေလည်းရှိပါတယ်။
မုဒိန်းမှုကျူးလွန်ခံရသူတွေက DNA ကိုဆက်သွယ်ပြောပြထားတဲ့အချက်တွေကိုရရှိထားပေမယ့်ကာယကံရှင်အမျိုးသမီးငယ်တွေရဲ့ လုံခြုံရေးအရဖော်ပြနိုင်ခြင်းမရှိပါဘူး။
မုံရွာမြို့နယ်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ ခိုးဆိုးလုယက်မှုတွေ နဲ့ မုဒိန်းမှုကျူးလွန်တဲ့ ဖြစ်ရပ်တွေကိုတော့ မုံရွာပလဖနဲ့ ပကဖအဖွဲ့တွေက အခု ၂၀၂၂ နှစ်ဆန်းပိုင်းကစပြီး ဖော်ထုတ်ဖမ်းဆီးမှုတွေလုပ်ခဲ့တယ်လို့သိရပါတယ်။
ဖမ်းဆီးရမိသူတွေကိုတော့ လုံခြုံရေးအရ မဖော်ပြနိုင်တဲ့နေရာတခုမှာ တရားစီရင်ရေးအဖွဲ့နဲ့ စစ်ဆေးပြီးထောင်ချထားတယ်လို့လည်းသိရပါတယ်။
ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း နိုင်ငံတဝန်းမငြိမ်မသက်မှုတွေအပြင်ခိုးဆိုးလုယက်မှုတွေဟာ လူသေစေနိုင်တဲ့အထိဖြစ်နေပြီး စစ်ကောင်စီရဲ့ တရားစီရင်ရေးနဲ့တိုင်ကြားမှု ယန္တရားဟာအကာအကွယ်မပေးနိုင်ဘူးလို့လည်း ပြည်သူတွေက သုံးသပ်ပြောဆိုလာကြပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာပါဝင်လာပြီးရာဇဝတ်မှုကျူးလွန်ထားတဲ့သူတွေအများအပြားပါဝင်လာတဲ့အပေါ်မှာလည်း ပြည်သူတွေက စိတ်ပူစိုးရိမ်မှုတွေရှိနေတဲ့အကြောင်း DNA ကိုပြောပြပါတယ်။