မင်းတပ်ဒေသမှာ ရိက္ခာဖူလုံရေးအတွက် ရွှေ့ပြောင်း တောင်ယာစိုက်ပျိုးမှုများလာ

ချင်းပြည်နယ်မှာ စစ်ကောင်စီက ဖြတ်လေးဖြတ်စနစ် ကျင့်သုံးနေတာကြောင့် မင်းတပ်မြို့နယ်အတွင်း စားနပ်ရိက္ခာ ဖူလုံရေးအတွက် ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးမှု သိသိသာသာ မြင့်တက်လာတယ်လို့ မင်းတပ်မြို့ခံတွေက DNA ကိုပြောပါတယ်။

မင်းတပ်မြို့နယ်အပါအဝင် ချင်းပြည်နယ်တောင်ပိုင်း ဒေသခံတွေဟာဆယ်စုနှစ်တစ်ခုကျော်ကြာ ‘ဝ’ဥကိုသာစီး ပွားဖြစ်စိုက်ပျိုးလုပ်ကိုင်လာခဲ့ပေမယ့်စစ်ကောင်စီ အာဏာသိမ်းပြီးနောက်မှာ ‌မိရိုးဖလာရွှေ့ပြောင်း တောင်ယာကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်လုပ်ကိုင် လာကြတယ်လို့ဆိုပါတယ်။

“နိုင်ငံရေးအခြေအနေကြောင့် အဓိကစီးပွားဖြစ် လုပ်ငန်း ‘ဝ’ ဥက ဈေးတော်တော်ကြီးကျသွားတယ်၊ အောက်ပြည်ကနေ ပြန်ဝယ်ရတဲ့ အခြေခံစားသောက်ကုန်တွေက အရမ်းကိုဈေးတက်လာတော့ ရွေးချယ်စရာမရှိတဲ့အဆုံး တောင်ယာခုတ်ကြတယ်ပေါ့၊ စပါးတင်း (၈၀) လောက်ရတယ်၊ ဒါပေမယ့်မိသားစုဦးရေများတော့ တစ်နှစ်စာ မလောက်မှာကို စိုးရိမ်မိပါတယ်” လို့ စပါးစိုက်တောင်သူ ကိုဟုန်းလောက ပြောပါတယ်။

စစ်တပ်အာဏာမသိမ်းမီက တင်းချိန်ပြည့် ယောဆန်တစ်တင်းကို (၈၀၀၀) ကျပ်သာပေးခဲ့ရာကနေ လက်ရှိမှာတော့ ၂၇၀၀၀ ကနေ ၃၀၀၀၀ ကျပ်ကြားပေါက်စျေးရှိတယ်လို့ မင်းတပ်မြို့ခံတွေက ပြောပါတယ်။

“ဒါလည်း (ဆန်) လိုသလောက်ဝယ်မရဘူး၊ ကိုယ်ပြန်ရောင်းရတဲ့ ‘ဝ’ ဥဈေးကကျတော့ အစိုတစ်ပိဿာမှ ၈၀၀ ကျပ်တောင် ဝယ်မယ့်သူမရှိတဲ့အခြေအနေမှာ တိုက်ရိုက်စပါးစိုက်လို့ရတဲ့ ရွှေ့ပြောင်းတောင်ယာစနစ်ကို လူတွေပိုရွေးချယ်လာကြတယ်” လို့ ဒေသခံ ကိုအောင်အောင်က ပြောပါတယ်။

ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးမှုကြောင့် သစ်တော ပြုန်းတီးတာ၊ စပါးထွက်နှုန်း မျှော်မှန်းသလောက်မရတာ စတဲ့အခက်အခဲတွေရှိပေမယ့် စစ်ကောင်စီက ဖြတ်လေးဖြတ်စနစ် လုပ်နေသမျှ ဒေသတွင်း အခြေခံ စားနပ်ရိက္ခာ ဖြည့်တင်းနိုင်ရေးကိုပဲ ဦးစားပေးနေရမှာဖြစ်တယ်လို့ မင်းတပ်ဒေသခံ ကိုအွမ်မာန်က ‌ဆိုပါတယ်။

မင်းတပ်မြို့နယ် ပတ်ဝန်းကျင် ဒေသတွေမှာ ပြီးခဲ့တဲ့ နှစ်ကစလို့ တောင်ယာစပါး ပြန်စိုက်ပျိုးလာကြပြီး နောက်နှစ်ထိလည်း အားလုံးတောင်ယာလုပ်ငန်းပဲ ဆက်လုပ်ရမယ့် အခြေအနေရှိတယ်လို့ သူကပြောပါတယ်။