လှိုင်မြို့နယ်မှာ အမျိုးသမီးသုံးဦးကို စစ်ကောင်စီက နေအိမ်မှာ ဖမ်းဆီး

ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ (၇) ရပ်ကွက်ရပ်ကွက်၊ ကျောင်းကုန်း ၃ လမ်းမှာနေထိုင်တဲ့ အမျိုးသမီး သုံးဦးကို ဧည့်စာရင်း မတိုင်တဲ့အတွက်လို့ အကြောင်းပြပြီး စစ်ကောင်စီတပ်တွေက နိုဝင်ဘာ (၁၇) ရက် ညပိုင်းမှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက DNA ကို ပြောပါတယ်။

“ဒါကသက်သက်အကြောင်းပြပြီး ဖမ်းသွားတာပါ၊ ပုံမှန်ဧည့်စားမတိုင်လို့ ဖမ်းခဲ့ရင်တောင် ညပိုင်းဖမ်းပြီးရင် မနက်ဆိုတာနဲ့ ပြန်လွှတ်ပေးတာ၊ အခုက ပြန်မလွှတ်ပေးသေးဘူး၊ စစ်နေတုန်းလို့တော့ သိရတာပဲ” လို့ကျောင်းကုန်း (၃) လမ်းမှာ နေထိုင်တဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အမျိုးသမီး သုံးဦးကိုလာရောက်ဖမ်းဆီးစဥ်မှာ စစ်ကား သုံးစီး၊ရဲကားနှစ်စီး၊လူအင်အား အများအပြားနဲ့ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာလို့လည်း မျက်မြင်တွေ့ရှိသူတွေကပြောပါတယ်။

“ဧည့်စာရင်းကြောင့်တော့မဖြစ်နိုင်ဘူး၊ဘာဖြစ်လို့လည်းဆိုတော့ စစ်ဆေးတာတောင် တနာရီလောက်ကြာတယ်၊သူတို့ကဒီမှာနေတာ သိပ်မကြာသေးဘူးထင်တယ်၊သိပ်ပြီးမတွေ့ဖူးဘူး၊အခုကလည်း လမ်းတွေက တိုက်ခန်းတွေချည်းပဲဆိုတော့ သိပ်မသိကြတော့ဘူး”လို့ ကျောင်းကုန်း ၃လမ်းနေ အမျိုးသမီးတစ်ဦးကလည်း ပြောပါတယ်။

လှိုင်မြို့နယ်ဟာ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အုပ်ချုပ်ရေးပိုင်းအပြင် စစ်ကောင်စီထောက်တိုက်ရုံးတွေဖောက်ခွဲခံရတာ ၊လုပ်ပြံသတ်ဖြတ်ခံရတာ အများဆုံးဖြစ်ပွားတဲ့မြို့နယ်တွေထဲက တစ်ခုဖြစ်ပါတယ်။

ဖောက်ခွဲမှုနဲ့လုပ်ကြံသတ်ဖြတ်ခံရမှုတွေကြောင့် စစ်ကောင်စီတပ်တွေက လှိုင်မြို့နယ်အတွင်းမှာ ဧည့်စာရင်းစစ်ဆေးမှုတွေကို အများဆုံးလုပ်ပြီး အခုလို ဧည့်စာရင်းအကြောင်းပြပြီး ဖမ်းဆီးတာတွေကို ပြုလုပ်နေတာလည်း ဖြစ်တယ်လို့လည်း ဒေသခံတွေက သုံးသပ်ကြပါတယ်။