အိန္ဒိယဘက်က ပေးတဲ့ စစ်လက်နက်ဆက်စပ်ပစ္စည်းတွေလို့ ယူဆရတဲ့အရာတွေ သယ်ဆောင်လာတဲ့ စစ်ကောင်စီ ယာဉ်တန်းကို ဒေသကာကွယ်ရေးတပ်တွေက ဒီကနေ့ နေ့လယ်ပိုင်းမှာ တမူးမြို့ နန်းမွန်း တံတားနားမှာ နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
အဲ့ဒီမိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးဘူးလို့ ဒေသ ခံကာ ကွယ်ရေးတပ်တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး တမူးမြို့ခံ ကာကွယ်ရေး တပ်ဖွဲ့တွေက ထုတ်ပြန်တာတော့ မရှိသေးပါဘူး။
တိုက်ခိုက်ခံခဲ့ရတဲ့ စစ်ယာဉ်တန်းမှာ ကုန်တင်ကားကြီးတွေနဲ့ အိမ်စီးကားတွေလည်းပါဝင်ပြီး စုစုပေါင်း ဆယ့်လေးစီးထက်မနည်းပါဝင်တဲ့ ယာဉ်တန်းဖြစ်တယ်လို့ တမူးမြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီဟာ အိန္ဒိယ-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ တမူးမြို့ကနေတဆင့် လက်နက်ကြီးတွေလည်းပါဝင်တယ်လို့ ယူဆရတဲ့ စစ်လက်နက်ပစ္စည်းတွေကို သယ်ယူဖို့ တလနီးပါး အချိန်ယူပြင်ဆင်နေတာဖြစ်ပြီး အဲ့ဒီလိုမသယ်ယူခင်မှာ ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့စခန်းတွေကို အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်သိမ်းယူတာတွေ လုပ်ခဲ့ပါတယ်။
တမူးမြို့နဲ့ကလေးမြို့ ဒေသတလျှောက်ဟာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်မှုအားကောင်းပြီး ကာကွယ်ရေး အင်အားစုအများအပြားရှိနေသလို စစ်ယာဉ်တန်းတွေလည်း မကြာခဏ မိုင်းဆွဲခံရတာ၊ပစ်ခတ်တိုက်ခိုက်ခံရတာ တွေရှိခဲ့ပါတယ်။
ဒီကနေ့ တိုက်ခိုက်ခံရတဲ့ စစ်ယာဉ်တန်း တမူးမြို့ကမထွက်ခွာမီ နိုဝင်ဘာ(၁၅)ရက်မှာာ စစ်ကောင်စီက တမူးမြို့ အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ပြီး ဖျက်ဆီးခဲ့ပါတယ်။ စစ်ကောင်စီဘက်က စီးနင်းတိုက်ခိုက်လာချိန်မှာ လက်နက်အင်အားမမျှလို့ ဆုတ်ခွာပေးခဲ့ရတယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
“(စစ်ကောင်စီက)လက်နက်ကြီးတွေနဲ့ ထုတာ အချက်တရာကျော်တယ်၊ တကယ့်စစ်မြေပြင်လိုပဲ၊ မြို့ထဲကနေ အတိုင်းသားကြားရတယ်၊ PDF တွေဘက်ကလည်း အလစ်အငိုက်မို့ လက်နက်အင်အားမမျှပဲခံရတဲ့သဘောပဲ” လို့ တမူးမြို့ခံတဦးက ဆိုပါတယ်။