ထိုင်းနိုင်ငံ၊ တာခ့်ခရိုင် ကယ်ဖယ်ဖစ်မှာ အထောက်ထားမဲ့မြန်မာအလုပ်သမားတွေ ကားတိမ်းမှောက် သေဆုံးခဲ့မှုအတွက် အာမခံအကျိုးခံစားခွင့် ဘတ် (၂) သန်းကျော်ရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနက နိုဝင်ဘာ (၁၃) ရက်မှာ ထုတ်ပြန်ပါတယ်။
အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေ လိုက်ပါလာတဲ့ ကားတစီးဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ (၁၁) ရက်ကတိမ်းမှောက်လို့ သုံးဦးသေဆုံးခဲ့တာပါ။
သေဆုံးသူတွေအတွက် အာမခံအပြည့်အဝ ရရှိစေဖို့ NUG အစိုးရ အလုပ်သမားဝန်ကြီးဌာနနဲ့ AAC မဟာမိတ်အဖွဲ့ တာဝန်ခံ ကိုရဲမင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး တနှစ်နီးပါးအကြာမှာ သေဆုံးသူနှစ်ဦးအတွက် အာမခံကြေး ဘတ်နှစ်သန်းကျော် ရခဲ့တာဖြစ်တယ်လို့သိရပါတယ်။
သေဆုံးသွားတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား နှစ်ဦးအတွက် တဦးကို ဘတ်တသန်းကျော်စီအာမခံကြေးရရှိတာဖြစ်ပြီး နှစ်ဦးစာ ဘတ် (၂၁၀၀၀၀၀၀) ကို AAC မဟာမိတ်အဖွဲ့ တာဝန်ခံ ကိုရဲမင်းက နိုဝင်ဘာ (၃) ရက်မှာ ကျန်ရစ်သူ မိသားစုဝင်တွေကို ပေးအပ်လိုက်ပြီလို့ ဆိုပါတယ်။
ကျန်ရှိတဲ့တဦးအတွက်ကိုတော့ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်တယ်လို့ NUG ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ ပြည်တွင်း၊ ပြည်ပ မြန်မာအလုပ် သမားတွေရဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ အကျိုးခံစားခွင့်တွေအတွက်အကူအညီပေးနိုင်ဖို့လုပ်ဆောင်နေပြီး တိုင်ကြားရေး ယန္တရားလုပ်ငန်းစဉ်စတင်ခဲ့တဲ့ ခြောက်လအ တွင်း အမှုခြောက်မှုဖြေရှင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံထဲဝင်ရောက်လာချိန် ကားမှောက် သေဆုံးမှု တွေ မကြာခဏဖြစ်နေပြီး ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း အလားတူကားမှောက်မှုနှစ်ကြိမ်မှာ စုစုပေါင်း ခုနစ်ဦး သေဆုံးခဲ့ပါသေးတယ်။
စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာ နိုင်ငံရေး အရဖိနှိပ်မှု ၊ အလုပ်အကိုင် ရှားပါးမှု၊ မိသားစု စားဝတ်နေရေး အခက်ခဲတွေနဲ့၊ ကုန်ဈေး နှုန်းမြင့် တက်လာပြီး ငွေကြေးဖောင်းပွမှု တွေကြောင့် ထိုင်းနိုင်ငံကို လမ်းကြောင်း အမျိုးမျိုးကနေ အလုပ်ရှာဖွေလုပ်ကိုင်ဖို့ ဝင်ရောက်လာတဲ့ အထောက်ထားမဲ့ မြန်မာအလုပ်သမားတွေ ပိုများလာနေပါတယ်။