ကော်သူးလေအုပ်ချုပ်နယ်မြေမှာ တိုက်ပွဲပေါင်း သုံးရာကျော်ဖြစ်ပြီး စစ်တပ်ဘက်က ငါးရာ နီးပါးသေဆုံးတယ်လို့ KNU ထုတ်ပြန်

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် တပ်မဟာ (၃) နယ်မြေထဲမှာတော့ တိုက်ပွဲကြီးတိုက်ပွဲငယ်တွေ ဆက်တိုက်ဖြစ်နေပြီး မြေပြင်တိုက်ပွဲပေါင်း ၃၈၂ ကြိမ်ဖြစ်ခဲ့သလို ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ၄၈၀ ကျော် သေဆုံးတယ်လို့ KNU ကဒီကနေ့ နိုဝင်ဘာ ၁၄ ရက်မှာထုတ်ပြန်လာပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ဧပြီလကစလို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) Federal wings Droneတပ်ဖွဲ့နဲ့ လေကြောင်းက တိုက်ခိုက်မှုတွေစလုပ်ခဲ့ပြီး ယနေ့အချိန်ထိ တိုက်ခိုက်မှုပေါင်း ၆၄ ကြိမ်လုပ်ခဲ့ပြီး စစ်တပ်ဘက်က အယောက် ၇၀ သေဆုံးပြီး ၄၆ ဦးဒဏ်ရာရတယ်လို့KNU က စစ်ရေးသတင်းအနေနဲ့ ထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်မှာလည်း ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် တပ်မဟာ (၃) နယ်မြေအတွင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပူးပေါင်းတပ်တွေကစစ်ကောင်စီရဲ့ တပ်စခန်း ၃ခုကို တရက်အတွင်းတိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့ထုတ်ပြန်ချက်ကဆိုပါတယ်။

နိုဝင်ဘာ ၁၂ ရက် မနက် ၄နာရီကစပြီး စစ်ကောင်စီရဲ့တပ်စခန်းတွေကို မြေပြင်တပ်ဖွဲ့တွေနဲ့ ဂရုန်းစစ်ဆင်ရေးတွေနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီး စခန်း ၃ခုက စစ်လက်နက်နဲ့ဆက်ပစ်ပစ္စည်းတွေကိုသိမ်းယူနိုင်တဲ့အပြင် စစ်ကောင်စီတပ်သား ၁၁ ဦးသေဆုံးတယ်လို့KNU ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စခန်းသိမ်းရှင်းလင်းနေချိန်မှာ စစ်ကောင်စီဘက်က လေကြောင်းနဲ့ အကြိမ် ၂၀ လောက်တိုက်ခိုက်မှုလုပ်ခဲ့ပြီးတိုက်ပွဲအပြီးမှာလည်း ပြည်သူတွေကိုပစ်မှတ်ထားပြီး ကျေးရွာတွေအပေါ် ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့လည်းဆိုပါတယ်။

ဒီအခြေအနေတွေကြောင့်ကော်သူးလေအုပ်ချုပ်နယ်မြေ အတွင်းက နိုဝင်ဘာ ၁၃ ရက်ရက်စပြီးကော်သူးလေအုပ်ချုပ်နယ်မြေ အတွင်းက ကျေးရွာအုပ်စု ၃စု၊ ကျေးရွာပေါင်း ၁၈ ရွာက ပြည်သူလူထု နှစ်သောင်းကျော်ဟာလည်း ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။