ငါးကြိတ်ကန်ထဲ မော်တာဆင်းပြင်ရာက ငါးအမှုန့်ကြိတ်စက်ရုံအလုပ်သမား သုံးဦးသေဆုံး

တနင်္သါရီတိုင်း၊ မြိတ်မြို့ အင်းလေးမြိုင်စက်မှုဇုံက ငါးအမှုန့်ကြိတ်စက်ရုံမှာ ငါးကြိတ်ကန်ထဲ မော်တာ ပျက်လို့ ဆင်းပြင်တဲ့ အလုပ်သမားတွေ အောက်ဆီဂျင်ပြတ်ပြီး သုံးဦးသေဆုံးတယ်လို့ မြို့ခံလူမှု ကယ်တယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

“အသင်းကိုဆက်သွယ်လာတာနဲ့ အခြားအသင်းတွေပါ ဆက်သွယ်ပြီး ကယ်ဆယ်ရေးကို အမြန်ဆုံးဆောင်ရွက်ခဲ့တာ၊ အရင်ဆုံး ကန်ထဲကျ (ဆင်း) ခဲ့သူတွေ အခြေအနေ ပိုဆိုးသွားတာ၊ အောက်စီဂျင်ပြတ်ပြီး သုံး ယောက်ဆုံးသွားတယ်၊ သုံးယောက်ကယ် ဆယ်နိုင်ခဲ့တယ်” လို့ ကယ်ဆယ်ရေး လုပ်ဆောင်ရာမှာ ပါဝင်ခဲ့တဲ့ မြို့ခံပရဟိတအဖွဲ့တာဝန် ရှိသူတဦးက ပြောပါတယ်။

အဲ့ဒီဖြစ်စဉ်အတွင်း ငါးကြိတ်ကန်ထဲ စက်ဆင်းပြင်သူ ငါးဦးဟာ အောက်ဆီဂျင်ပြတ်ပြီး သတိလစ်ခဲ့ သလို ကန်အပြင်ဘက်မှာရှိနေတဲ့စက်ရုံအလုပ်သမားတဦးဟာလည်း ငါးပုပ်နံ့ကြောင့် သတိလစ်လဲ ကျခဲ့တယ်လို့ သိရပါတယ်။

ငါးကြိတ်ကန်ဟာ ဆယ်ပေကျော်ဝန်း ကျင်အနက်ရှိပြီး နိုဝင်ဘာ (၁၃) ရက် မနေ့က ညပိုင်းမှာ ကန်ထဲက မော်တာပျက်သွားလို့ ဆင်းပြင်တဲ့အလုပ်သမား ပြန်တက်မလာနိုင်တာကြောင့် နောက်ထပ်စက်ရုံအလုပ်သမားတွေ လိုက်ဆင်းကြရာက အောက်ဆီဂျင်ပြတ် လပ်သွားကြတာဖြစ်တယ်လို့ သိရပါတယ်။

အောက်ဆီဂျင်ပြတ်သွားတဲ့ အဲ့ဒီစက်ရုံအလုပ်သမားတွေကို မြိတ်မြို့ဆေးရုံကြီးကို ပို့ဆောင်ကုသဖို့ ကြိုးစားနေချိန်မှာပဲ သုံးဦးက သတိပြန်မရလာတော့ဘဲ သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။

“မိုးတွင်းဆိုတစ်မြို့လုံးကို အနံဆိုးတွေထွက်တာ၊ စက်ရုံထဲအလုပ်လုပ်သူတွေကျ ပိုဆိုးတာပေါ့၊ ကျန် ရစ်ခဲ့တဲ့မိသားစုကို စက်ရုံဘက်က လျော်ကြေးပေးတာမျိုးရစေချင်တယ်” လို့ အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက် လို့ စက်ရုံအနီးနေထိုင်တဲ့ ဒေသခံတဦးကလည်း ပြောပါတယ်။

အဲ့ဒီမတော်တဆမှုဖြစ်စဉ်အတွင်း မြို့ခံမီးသတ်တပ်ဖွဲ့နဲ့ ပရဟိတအသင်းတွေ ပူးပေါင်းကူညီခဲ့ပြီး သေဆုံးသွားတဲ့ ရုပ်အလောင်းတွေကို မြိတ်မြို့ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံဆီ ပို့ဆောင်ကူညီခဲ့တယ်လို့မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။