အခု သီတင်းပတ်ကုန်မှာတော့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီး မတိုင်ခင် ပရီးမီးယားလိဂ်ရဲ့ နောက်ဆုံး ပွဲစဉ်တွေကို ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အသင်းတွေ တော်တော်များများရဲ့ လက်ရွေးစင် လူစာရင်းတွေကို ထုတ်ပြန်ထားတဲ့ အခြေအနေကြောင့် အခုနောက်ဆုံး ပွဲစဉ်တွေမှာ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ကစားသမားတွေဟာ ဒဏ်ရာ မရအောင် ထိန်းထိန်းသိမ်းသိမ်း ယှဉ်ပြိုင်ကြရပါလိမ့်မယ်။ ဒီအခြေအနေတွေက ပွဲစဉ်အလိုက် ရလဒ်တွေအပေါ် သက်ရောက်မှုတွေ ရှိလာနိုင်တာကို သတိထားသင့်ပါတယ်။
မန်ချက်စတာစီးတီး – ဘရန့်ဖို့ဒ်
စီးတီးအနေနဲ့ ကစားအားကို ထက်ဝက်လောက် လျှော့ချထားရင်တောင် အိမ်ကွင်းမှာ ဘရန့်ဖို့ဒ်ကို အနိုင်ရဖို့ အခက်အခဲ မရှိနိုင်ပါဘူး။ စီးတီးရဲ့ ဂိုးသွင်းစက်ဖြစ်တဲ့ နော်ဝေး တိုက်စစ်မှူး ဟာလန်းက ကြံ့ခိုင်မှု ပြန်ပြည့်ဝလာပြီး ကမ္ဘာ့ဖလားလည်း ကစားဖို့ မရှိတဲ့အတွက် ဒီပွဲမှာ အင်ပြည့်အားပြည့် ကစားနိုင်ပါလိမ့်မယ်။ ဒီရာသီမှာ အံ့ဩစရာ ကောင်းလောက်အောင် ခြေစွမ်းတည်ငြိမ်ပြီး အမှတ်ပေးဇယား ထိပ်ဆုံးက ဦးဆောင်နေတဲ့ အာဆင်နယ်ကို ဆက်တိုက် ဖိအားပေးဖို့ စီးတီးအနေနဲ့ အခုလို ပွဲတွေကို ဘယ်လိုမှ အမှားခံမှာ မဟုတ်ပါဘူး။ လက်ရှိ ချန်ပီယံ စီးတီးပဲ အနိုင်ရသွားမှာဖြစ်ပြီး ဂိုးပြတ်မပြတ် ဆိုတာကတော့ အသင်းရဲ့ ကစားအား အတင်အချအပေါ် မူတည်ပြီး ကွဲပြားသွားပါလိမ့်မယ်။
လီဗာပူးလ် – ဆောက်သမ်တန်
လီဗာပူးလ်ရဲ့ ခြေစွမ်းက ယုံစားလို့ မရသေးပါဘူး။ အသင်းငယ်တွေကို နှစ်ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တဲ့နောက် နာမည်ကြီး တော့တင်ဟမ် ဟော့စပါးကို ပြီးခဲ့တဲ့ ပွဲစဉ်မှာ ပြန်အနိုင်ရခဲ့ပါတယ်။ လိဒ်စ်ယူနိုက်တက်ကို ရှုံးခဲ့ဖူးပေမယ့် အိမ်ကွင်း အန်းဖီးလ်ဟာ လီဗာပူးလ်အတွက် တိုက်တိုင်းအောင် ခံတပ်ကြီး တစ်ခုအဖြစ်တော့ ဆက်ရှိနေဆဲပါ။ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ဘရာဇီး လက်ရွေးစင် အသင်းအတွက် ရွေးချယ် မခံခဲ့ရတဲ့ တိုက်စစ်မှူး ဖာမီနိုတစ်ယောက် လီဗာပူးလ်မှာ သွင်းဂိုးတွေနဲ့ ပေါက်ကွဲပြမယ်လို့ မျှော်လင့်ရပါတယ်။ ဆောက်သမ်တန်ရဲ့ တန်းဆင်းဇုန် ရုန်းကန်အားကိုတော့ နည်းနည်း သတိထားရမှာ ဖြစ်ပေမယ့် လီဗာပူးလ်အတွက် ၃ မှတ်က အခက်အခဲ မရှိလောက်ပါဘူး။
တော့တင်ဟမ်ဟော့စပါး – လိဒ်စ်ယူနိုက်တက်
နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲ ရှုံးခဲ့ခြင်းက တော့တင်ဟမ်ရဲ့ အမြင့်တက်လှမ်းရေး ရည်မှန်းချက်တွေကို ဆွဲချနေသလိုပါပဲ။ နောက်ပိုင်း ပွဲစဉ်တွေမှာ အသင်းရဲ့ စွမ်းဆောင်ရည်က နည်းနည်း ယိမ်းယိုင်လာတာကို မန်နေဂျာ ကွန်တီ အနေနဲ့ မဖြစ်မနေ ပြင်ဆင်ရပါမယ်။ လိဒ်စ်က နောက်ဆုံး နှစ်ပွဲဆက် အနိုင်ရပြီး ပုံစံကောင်း ပြန်ပြလာသလို ကစားအားလည်း တက်လာပါတယ်။ ဒါပေမဲ့ တော့တင်ဟမ်က ကစားသမား စုဖွဲ့မှု ပိုသာလွန်သလို အိမ်ကွင်း အားသာချက်လည်း ရှိနေပါတယ်။ ပုံမှန် အခြေအနေမှာတော့ တော့တင်ဟမ်ပဲ နိုင်သင့်တဲ့ ပွဲပါ။ ဒါပေမဲ့ လိဒ်စ် ကစားသမားတွေက ပိုပြီး စိတ်လွတ်ကိုယ်လွတ် ကစားခွင့် ရှိနေပြီး တော့တင်ဟမ်ရဲ့ အဓိက ကြယ်ပွင့်တချို့က ကမ္ဘာ့ဖလားကြောင့် နောက်ဆံတင်းနေနိုင်တာကိုလည်း မဖြစ်မနေ ထည့်တွက်သင့်ပါတယ်။
နယူးကာဆယ်ယူနိုက်တက် – ချဲလ်ဆီး
ချဲလ်ဆီးက နောက်ဆုံး ၄ ပွဲဆက်တိုက် နိုင်ပွဲပျောက်နေပါတယ်။ နယူးကာဆယ်ကတော့ နောက်ဆုံး ၄ ပွဲဆက်တိုက် အနိုင်ရထားပါတယ်။ အစဉ်အလာနဲ့ သမ္ဘာအရ ချဲလ်ဆီးက သာပေမယ့် ဒီရာသီ နယူးကာဆယ်ရဲ့ စွမ်းဆောင်ရည်က ချီးကျူးစရာ ကောင်းလောက်အောင် တည်ငြိမ်နေပါတယ်။ ပြီးတော့ အိမ်ကွင်း အားသာချက်လည်း ရှိနေပြန်တယ်။ ဒါကြောင့် နှစ်ပေါင်း တော်တော်များများအတွင်း ပထမဆုံး အနေနဲ့ ချဲလ်ဆီးဟာ နယူးကာဆယ်ကို အောက်အသင်း အနေနဲ့ ကစားရပါလိမ့်မယ်။ လက်ရှိ ခြေစွမ်းအရ နယူးကာဆယ် နိုင်သင့်သလို နိုင်ဖို့လည်း များပါတယ်။ ဒီပွဲမှာ အမှတ်ယူဖို့ ဆိုရင်တော့ မန်နေဂျာ ပေါ့တားရော၊ သူ့တပည့်ကျော် တသိုက်ပါ ထူးထူးကဲကဲ ပြောင်ပြောင်မြောက်မြောက် စွမ်းဆောင်ရည်မျိုး ပြသဖို့ အရမ်း အရေးကြီးသွားပါပြီ။
ဝုလ်ဗ် – အာဆင်နယ်
ပရီးမီးယားလိဂ်ရဲ့ အဆိပ်ရှိတဲ့ အသင်းကောင်းတစ်ခုအဖြစ် ရပ်တည်ခဲ့ဖူးတဲ့ ဝုလ်ဗ်ရဲ့ လက်ရှိရာသီ ကျဆင်းမှုတွေက ကြေကွဲစရာတောင် ကောင်းနေပါတယ်။ အခုဆိုရင် တန်းဆင်းဇုန်မှာ ရုန်းကန်နေရပြီး ခြေစွမ်းကလည်း အားရစရာ မရှိပါဘူး။ တစ်ဖက်မှာတော့ အာဆင်နယ်က နတ်ရေကန်ထဲ ပစ်ချလိုက်သလို ဒီရာသီမှာ ငွှားငွှားစွင့်စွင့် တောက်ပနေသလို အမှတ်ပေး ဇယားကိုလည်း ထိုက်ထိုက်တန်တန် ဦးဆောင်ပြနေပါတယ်။ မန်ချက်စတာ စီးတီးရဲ့ တရစပ် ဖိအားပေးမှုကနေ အလွတ်ရုန်းပြေးဖို့ အာဆင်နယ်က ဒီပွဲကို အနိုင်ကစားပါလိမ့်မယ်။ ဒါပေမဲ့ အာဆင်နယ်ရဲ့ အဓိက တိုက်စစ် အစုအဖွဲ့က ကမ္ဘာ့ဖလားအတွက် ကစားအားကို ချွေထားမယ် ဆိုရင်တော့ ဂိုးရဖို့ အကျပ်ရိုက်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ခြေစွမ်း ကွာဟချက် ကြီးမားလွန်းတာကြောင့် အာဆင်နယ်ပဲ အနိုင်ရပါလိမ့်မယ်
ဖူလ်ဟမ် – မန်ချက်စတာယူနိုက်တက်
ယူနိုက်တက်ရဲ့ ပွဲပန်းမှုတွေက ကြာလေ၊ သိသာလေပါပဲ။ ကြားရက်မှာ လိဂ်ဖလား ပွဲစဉ်အဖြစ် ကစားထားရခြင်းကလည်း ယူနိုက်တက်ရဲ့ အရန်အင်အား နည်းပါးမှုကို ပိုပြီး ဖိအားဝင်စေပါလိမ့်မယ်။ နောက်ပြီး ဖူလ်ဟမ်က ဒီရာသီမှာ တော်တော်လေး ပုံစံကောင်း ပြသနိုင်တယ်လို့ ဆိုရမှာဖြစ်ပြီး အမှတ်ပေးဇယားရဲ့ အပေါ်ဖက်ခြမ်းကိုတောင် ရောက်နေပါတယ်။ ဖူလ်ဟမ်ရဲ့ ဝါရင့်တိုက်စစ်မှူး မီထရိုဗစ်ဟာ ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်နေရတဲ့ ယူနိုက်တက် ခံစစ်ကို ကောင်းကောင်း ဒုက္ခပေးနိုင်စွမ်း ရှိနေပါတယ်။ တကယ်လို့ ဖူလ်ဟမ်ကို ကွင်းလယ်ပိုင်းမှာ စိုးမိုးမထားနိုင်ရင် ယူနိုက်တက်အတွက် အကျပ်အတည်းတွေ ကြုံလာနိုင်ပါတယ်။ အမှတ် လိုအပ်ချက်ကြောင့် ယူနိုက်တက်ဟာ ဒီပွဲကို ဖိဖိစီးစီး ကစားဖို့ လိုပါတယ်။ ဒါပေမဲ့ အိမ်ရှင် ဖူလ်ဟမ်ကလည်း မီးကုန်ယမ်းကုန် တုံ့ပြန်မှာဖြစ်ပြီး ယူနိုက်တက်တို့ ကမ္ဘာ့ဖလား မတိုင်ခင် နောက်ဆုံးပွဲကို အနိုင်ပိုင်းနိုင်မလား ဆိုတာကတော့ ကံသေကံမ မပြောနိုင်သေးပါဘူး။
အခြားပွဲစဉ်များ
ဘွန်းမောက်သ် – အဲဗာတန်
ဝက်စ်ဟမ်းယူနိုက်တက် – လက်စတာစီးတီး
နော်တင်ဟမ်ဖောရက်စ် – ခရစ္စတယ်လ်ပဲလေ့စ်
ဘရိုက်တန် – အက်စ်တန်ဗီလာ