ယောဒေသ၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း စစ်ဘေးရှောင်တွေအတွက် ဆေးဝါးနဲ့သောက်သုံးရေ ရှားပါးလာတယ်လို့ အဲ့ဒီစစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ဒေသတွင်းအဖွဲ့အစည်း နှမ်းခါးလူငယ်အဖွဲ့ တာဝန်ခံ ကိုနွေဦးက DNA ကိုပြောပါတယ်။
စစ်ရှောင်တွေအတွက် လတ်တလောမှာ ဆေးဝါးလိုအပ်နေပြီး ရေလည်း မကြာခင်ကာလအတွင်း ခက်ခဲတော့မယ်လို့ သူကဆိုပါတယ်။
“အာသီးတွေရောင်တယ်၊ဖျားကြတယ်၊ဆေးဝါးလုံလောက်မူမရှိဘူး၊ဆေးထိုးဖို့ကို တရွာကနေတရွာ ကူးနေရ တယ်၊ဆေးစျေးတွေကလည်း ပါရာစီတမော့တစ်လုံးကို ခြောက်ရာ” လို့ ကိုနွေဦးကပြောပါတယ်။
အခုလိုဆေးဝါးစျေးတွေအဆမတန်ကြီးမြင့်နေတာဟာ ဂန့်ဂေါမြို့ ခလရ (၅၀) စစ်ဆေးရေးဂိတ်ကစစ်ဆေးမှု တင်း ကျပ်ပြီး ဆေးပစ္စည်းသယ်ယူခွင့်မပြုတာ၊သိမ်းဆည်းတာတွေကြောင့်ဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။
“သူတို့က ကျွန်တော်တို့ကို ဆေးဝါးဖြတ်ပြီးသတ်နေတာ” လို့ သက်ကြီးရွယ်အိုစစ်ဘေးရှောင်တဦးက DNA ကို ပြောပါတယ်။
ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက စစ်ဘေးရှောင် ငါးထောင်ဝန်းကျင်ဟာ တောတောင်ထဲမှာနေကြရတဲ့အတွက် သောက်ရေသုံးရေအတွက် စိမ့်စမ်းရေကိုသာအားကိုးနေကြရတာဖြစ်ပါတယ်။
“ကျွန်တော်တို့ စမ်းတွေက မကြာခင်ခမ်းတော့မှာ၊ထူး (တောင်ကျချောင်းကျောက်တုံးတွေကြားမှာ ကျန်ရစ် တဲ့ ရေအိမ်ငယ်)တွေကို ဆေးခတ်ရမယ်၊ရေသန့်ဖို့ ခပ်ရမယ့်ဆေးတွေမရှိသေးဘူး” လို့ ကိုနွေဦးကပြောပါတယ်။
ဆောင်းဦးရာသီမှာသာ စိမ့်စမ်းရေအနည်းငယ်ရှိနေတာဖြစ်ပြီး တောတောင်တွေထဲမှာ ရေမကြာမီ ခမ်းခြောက်တော့မှာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။
အခုကာလအတောအတွင်း စစ်ရေးငြိမ်သက်နေပေမယ့် တိုက်ပွဲတွေတကယ်ပြင်းထန်လာချိန်မှာ အစစအရာရာ အဆင်သင့်ဖြစ်ဖို့ လိုအပ်ချက်တွေ ရှိနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။