မင်းတပ်မြို့နယ် ပလုံတွီကျေးရွာမှာ အရပ်သားတွေ သတ်ဖြတ်မီးရှို့ခံရ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ပလုံတွီကျေးရွာမှာ စစ်တပ်က ဖမ်းဆီးထားတဲ့ရွာခံနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို သတ်ဖြတ်မီးရှို့ခံထားရတဲ့ အခြေအနေနဲ့ ပြန်တွေ့ရတယ်လို့ CDF-Mindat သတင်းပြန်ကြားရေးတာဝန်ခံ ဆလိုင်းဟာအွမ်က DNA ကိုပြောပါတယ်။

“ပထမစဝင်တဲ့ရက်မှာပဲ ဒေသခံတဦးကို ပစ်သတ်တယ်၊ ရွာခံနဲ့ စစ်ဘေးရှောင် စုစုပေါင်း ကိုးယောက်က ရှာဖွေဆက်သွယ်လို့မရသေးပါဘူး၊ အလောင်းတွေကိုလည်း တစ်စစီခုတ်ထစ်ပြီးမှကို မီးတိုက်ထားတာမို့ အပိုင်းအစကလေးတွေအနေနဲ့ပဲ တွေ့ရတော့ အတည်ပြုနိုင်ဖို့ ရှာဖွေစိစစ်နေတုန်းပါပဲ” လို့ သူကပြောပါတယ်။

ထီးလင်းနယ်ဘက်ကနေ နိုဝင်ဘာ (၇) ရက်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေဟာ ကျေးရွာထဲရှိနေတဲ့ ရွာခံတချို့နဲ့ စစ်ရှောင်အရပ်သားတချို့ကို ဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။

အဲ့ဒီနောက် စစ်ကြောင်းပြန်ထွက်သွားချိန်မှာ မီးရှို့ထားခဲ့တဲ့ရုပ်အလောင်းတွေ တွေ့ရတာဖြစ်ပြီး သေ ဆုံးသူအရေအတွက်နဲ့ ဘယ်သူတွေဖြစ်တယ်ဆိုတာကို စိစစ်နေတုန်းပဲလို့ ဆလိုင်းဟာအွမ်ကပြောပါတယ်။

DNA က အဆက်အသွယ်ရတဲ့ ပလုံတွီကျေးရွာ ဒေသခံတဦးကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ PDF ဝတ်စုံတွေနဲ့ ရွာထဲဝင်ရောက်လာခဲ့တာဖြစ်ပြီး အဲ့ဒီစစ်ကြောင်းမှာ အင်အား (၁၂၀)ဝန်းကျင်လောက်ပါတယ်လို့ပြောပါတယ်။

စစ်ကြောင်းရွာထဲရောက်လာပြီးနောက် ရွာထဲမှာခို လှုံနေတဲ့ စစ်ရှောင်တွေနဲ့ ရွာခံတွေစုစုပေါင်း လေးဆယ်ဝန်းကျင်ကို ဓားစားခံအဖြစ် ဖမ်းလိုက်တယ်လို့ ​သူကပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲက ခြောက်ဦးကို စစ်တပ်က လက်ပြန်ကြိုးတုပ်နှိပ်စက်ခဲ့ပြီး အဲ့ဒီခြောက်ဦးအပါနဲ့ တခြားရွာခံ နှစ်ဦးစုစုပေါင်း ရှစ်ဦးကို လက်ရှိအချိန်အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့သိရပါတယ်။

စစ်ကောင်စီ စစ်ကြောင်းဟာ ပလုံတွီကျေးရွာထဲမှာသုံးရက်ကြာ တပ်စွဲနေထိုင်ခဲ့ပြီးနောက် ဖမ်းဆီးထားတဲ့ ဓားစာခံအများစုကို ပြန်လွှတ်လိုက်ပေမယ့် စိတ်ဒဏ်ရာတွေရနေကြတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ လွတ်မြောက်လာတဲ့ အဲ့ဒီဓားစာခံအဖြစ် ဖမ်းဆီးခံရသူတွေကို CDF-Mindat က လုံခြုံတဲ့နေရာတွေကို ရွှေ့ပြောင်းပေးနေတယ်လို့ သိရပါတယ်။

မင်းတပ်မြို့နယ် ပလုံတွီ​ကျေးရွာဟာ ချင်းပြည်နယ်နဲ့ မ​ကွေးတိုင်းနယ်စပ်အနီးမှာတည်ရှိပြီး စစ်​ကောင် စီစစ်​ကြောင်းတွေ မကြာမကြာ ဝင်​ရောက်​လေ့ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။