တိုက်ပွဲဝင်အဆင့် အသင့်အနေအထား ဖြစ်နေအောင် ပြင်ဆင်ထားကြဖို့ တရုတ် စစ်တပ်တွေကို သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့ပါတယ်။
တရုတ် ပြည်သူ့ လွတ်မြောက်ရေးတပ် (PLA) အဖွဲ့ဝင်တွေ အနေနဲ့ လိုအပ်တဲ့အချိန် တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေအောင် စွမ်းအင်တွေ စုစည်းထားကြဖို့ တိုက်တွန်းခဲ့ကြောင်း အာဏာရ ပါတီရဲ့ ဝါဒဖြန့် သတင်းစာ တစ်စောင်က ရေးသား ဖော်ပြခဲ့ပါတယ်။
People’s Daily သတင်းစာက စစ်ယူနီဖောင်း ဝတ်ထားပြီး စစ်ရေးဗဟိုဌာန တစ်ခုဆီ သွားရောက် ကြည့်ရှုနေတဲ့ သမ္မတ ရှီရဲ့ ဓာတ်ပုံနဲ့အတူ အခုသတင်းကို ရေးသားထားခဲ့တာ ဖြစ်ပါတယ်။ ရှီဟာ ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ တရုတ် ကွန်မြူနစ်ပါတီ ပြည်လုံးကျွတ် ညီလာခံမှာလည်း နိုင်ငံအနေနဲ့ အနာဂတ်မှာ အန္တရာယ်များတဲ့ မုန်တိုင်းတွေ ကြုံလာနိုင်ခြေအတွက် ကြိုပြင်ထားရမယ်လို့ ပြောကြားခဲ့ဖူးပါတယ်။
ရှီက PLA စစ်သားတွေကို တိုက်ပွဲဝင် အဆင့်အတွက် ပြင်ဆင်ထားဖို့၊ ပြင်းပြင်းထန်ထန် ကြိုးစားလေ့ကျင့်ပြီး အောင်ပွဲအတွက် အာမခံချက် တည်ဆောက်နိုင်တာ သေချာစေဖို့ ညွှန်ကြားခဲ့တယ်လို့ People’s Dailyက ဆိုပါတယ်။
တရုတ်စစ်တပ်ဟာ နိုင်ငံရဲ့ အချုပ်အခြာ အာဏာနဲ့ အမျိုးသား လုံခြုံရေး ကဏ္ဍကို ထိပါး ခြိမ်းခြောက်လာမှု အားလုံးကို ထိထိရောက်ရောက် ကာကွယ်နိုင်စွမ်း ရှိနေရမယ်လို့ ရှီက ပြောခဲ့ကြောင်းလည်း သိရပါတယ်။ ရှီဟာ ဘယ်လို ခြိမ်းခြောက်မှုတွေကို ရည်ညွှန်းတယ်ဆိုတာ ဖော်ပြမထားပေမယ့် ထိုင်ဝမ်အရေးကို ဆိုလိုတယ်လို့ ယုံကြည်ရပါတယ်။
တရုတ်ဟာ ထိုင်ဝမ်ကို ပိုင်နက်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားပေမယ့် ထိုင်ဝမ်ကတော့ အမေရိကန်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို တည်ဆောက်ပြီး တရုတ်လက်အောက်ကနေ သီးခြား ရုန်းထွက် ရပ်တည်ဖို့ လိုလားနေပါတယ်။
ရှီဟာ ကွန်မြူနစ်ပါတီရဲ့ ပြည်လုံးကျွတ် ညီလာခံမှာလည်း အမေရိကန်ကို အတော်လေး ပြင်းပြင်းထန်ထန် ဝေဖန် ထိုးနှက်ခဲ့ပြီး ဒေသတွင်း တင်းမာမှုတွေ မြင့်တက်လာအောင် ပြင်ပ အဖျက် ပယောဂတွေနဲ့ နှောင့်ယှက်နေတာလို့ စွပ်စွဲ ရှုတ်ချသွားခဲ့ပါတယ်။