ခါဆွန် စစ်မြေပြင်မှာ သိသာထင်ရှားတဲ့ အောင်မြင်မှုတွေ ရနေတယ်လို့ ယူကရိန်း စစ်တပ်ပြော 

နိုင်ငံတောင်ပိုင်းက ခါဆွန်ပြည်နယ် စစ်ဆင်ရေးတွေမှာ ထင်ရှားမြင်သာတဲ့ အောင်မြင်မှုတွေ ရရှိနေကြောင်း ယူကရိန်း စစ်တပ်က ကြေညာပါတယ်။ 

ခါဆွန်ပြည်နယ်ရဲ့ မြို့တော် ခါဆွန်မှာ ဖြန့်ကျက်ထားတဲ့ တပ်တွေကို ရုပ်သိမ်းပေးလိုက်ရကြောင်း ရုရှားက ထုတ်ပြန်ခဲ့တဲ့နောက် ယူကရိန်းဖက်က အခုလို ကြေညာခဲ့တာပါ။ ယူကရိန်း တပ်တွေဟာ ခါဆွန်မြို့ကို ပြန်လည် သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေပြီး ဒီနီပရို မြစ်ကမ်းဘေးတလျှောက် ဆက်တိုက် ရှေ့တိုး ချီတက်လာနိုင်ခဲ့ပါတယ်။ 

အခုအခါမှာ ခါဆွန်မြို့ရဲ့ မြောက်ဖက် မိုင် ၃၀ သာ ကွာဝေးပြီး မဟာဗျူဟာအရ အချက်အခြာကျတဲ့ ဆာနီဟူရစ်ဗ်ကာမြို့ကို သိမ်းပိုက်ထားနိုင်ပြီလို့ ယူကရိန်း စစ်တပ်က အတည်ပြုခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ခါဆွန်မြို့ဆီ ပင်မ စစ်ကြောင်းကြီး နှစ်ခုခွဲပြီး ဆက်လက် ထိုးစစ်ဆင် ချီတက်နေသလို တချို့နေရာတွေမှာဆိုရင် မြို့စွန်နဲ့ ၇ ကီလိုမီတာလောက် အကွာထိ ရောက်နေပြီလို့လည်း သူက ဆိုပါတယ်။ 

ခါဆွန်မြို့ဟာ ယူကရိန်း ကျူးကျော်စစ်မှာ ရုရှားအတွက် အရေးအပါဆုံး သိမ်းပိုက်နယ်မြေတွေထဲက တစ်ခု ဖြစ်ခဲ့ပေမယ့် အခုတော့ တပ်တွေ ပြန်ရုပ်သိမ်းနေပါပြီ။ ဒီကိစ္စဟာ သီတင်းပတ်တွေနဲ့ချီ ကြာမြင့်နိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။ 

ယူကရိန်း စစ်တပ်ဟာ စိတ်ဓာတ် တက်ကြွနေပေမယ့် ခါဆွန်က ရုရှားတွေ ဆုတ်ခွာတယ်ဆိုတဲ့ ကိစ္စကို သတိကြီးကြီးနဲ့ ပြန်လည် ဆန်းစစ်နေမယ်လို့ ပြောပါတယ်။ ပြီးတော့ အခုရက်ပိုင်းအတွင်းမှာ ခါဆွန်ကနေ ရုရှားတပ်ဖွဲ့တချို့ ထွက်ခွာနေပေမယ့် အလုံးအရင်း ဆုတ်ခွာတဲ့ အထောက်အထားမျိုးတော့ မတွေ့ရပါဘူး။ 

ယူကရိန်းရဲ့ စစ်ဦးစီး အရာရှိချုပ် ဗယ်လာရီ ဇာလုဇ်နီက ရုရှားတွေ ခါဆွန်က ဆုတ်ခွာသွားပြီ ဆိုတာကို သူ့အနေနဲ့ အတည်မပြုနိုင်ပေမယ့် ယူကရိန်း တပ်တွေက အရေးပါတဲ့ စစ်ရေး အသာစီး အခြေအနေတွေ ဖော်ဆောင်နေနိုင်တယ်လို့တော့ ပြောကြားသွားပါတယ်။ 

ခါဆွန်ဟာ ရုရှားတပ်တွေ ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ခဲ့တဲ့နောက် ပထမဆုံး သိမ်းပိုက်နိုင်ခဲ့တဲ့ ပြည်နယ် မြို့တော် ဖြစ်ပါတယ်။ စက်တင်ဘာလမှာတော့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ခါဆွန် အပါအဝင် ယူကရိန်း အရှေ့ပိုင်းနဲ့ တောင်ပိုင်းက နယ်မြေ ၄ ခုကို နိုင်ငံ ပိုင်နက်ထဲ သွတ်သွင်းကြောင်း ကြေညာခဲ့ပါတယ်။