လူ့အခွင့်အရေး တောင်းဆိုမှု စာတန်းပါ လေ့ကျင့်ရေးဂျာစီ ဒိန်းမတ်အသင်း ဝတ်ဆင်ခွင့်မရ

လူ့အခွင့်အရေး မြှင့်တင်ဖို့ တိုက်တွန်းတဲ့ စာတန်းပါ လေ့ကျင့်ရေး ဂျာစီကို ​ဝတ်ဆင်ခွင့်ပေးဖို့ ဒိန်းမတ်အသင်းရဲ့ တောင်းဆိုမှုကို ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)က ပယ်ချလိုက်ပါတယ်။ 

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွက် ပြင်ဆင်နေတဲ့ ဒိန်းမတ် ဘောလုံးအဖွဲ့ချုပ် (ဒီဘီယူ)က လက်ရွေးစင် ကစားသမားတွေဟာ “အားလုံးအတွက် လူ့အခွင့်အရေး”ဆိုတဲ့ စာတန်းပါ လေ့ကျင့်ရေး ဂျာစီကို ဝတ်ဆင်ခွင့် ရနိုင်မလားလို့ ဖီဖာဆီ ခွင့်ပြုချက် တောင်းခံခဲ့ပါတယ်။ 

ဖီဖာဟာ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ သတင်းစကား မှန်သမျှကို ဘောလုံးအသင်းတွေက သရုပ်ပြ ဝတ်ဆင်ခွင့် မရှိဘူးလို့ သတ်မှတ်ထားပြီး ဒီဘီယူရဲ့ အဆိုပြုချက်ကိုလည်း ချက်ချင်း ငြင်းဆန်ခဲ့ပါတယ်။ 

ဖီဖာက ဘောလုံးအသင်းတိုင်းဟာ ဘောလုံး အားကစား အတွက်သာ အာရုံစိုက်ထားပြီး အငြင်းပွားစရာ တစ်ခုခု ဖြစ်လာနိုင်တဲ့ ကိစ္စမျိုးကို မလုပ်ဖို့ အကြောင်းပြန်ခဲ့ပါတယ်။ 

ဒီဘီယူက ဒီစာတန်းဟာ နိုင်ငံရေး သတင်းစကား တစ်ခု မဟုတ်ကြောင်း စောဒက တက်ခဲ့ပေမယ့် ဖီဖာရဲ့ ဆုံးဖြတ်ချက်ကိုတော့ လက်ခံခဲ့ပါတယ်။ သူ့အမြင်မှာတော့ ဒီဂျာစီဟာ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ရိုးရှင်းတဲ့ သတင်းစကားတစ်ခု ပေးပို့ထားရုံသာ ဖြစ်တယ်လို့ ဒီဘီယူရဲ့ ညွှန်ကြားရေးမှူး ဂျက်ကော့ဘ် ဂျန်ဆန်က ပြောကြားခဲ့ပါတယ်။ 

ကမ္ဘာ့ဖလားကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမယ့် ကာတာဟာ လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းတွေ အားနည်းချက် ရှိနေတာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒိန်းမတ် အသင်းဟာ ကမ္ဘာ့ဖလားမှာ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပေမယ့် အိမ်ရှင် ကာတာကို ဆန္ဒပြတဲ့ အနေနဲ့ အသင်းရဲ့ ပြိုင်ပွဲဝင် တတိယ ဂျာစီမှာ တောက်ပတဲ့ အရောင်အားလုံး ဖယ်ထုတ်ပြီး ကြေကွဲ ဝမ်းနည်းမှုကို ကိုယ်စားပြုတဲ့ အမည်းရောင်ပဲ သတ်မှတ် ဝတ်ဆင်ဖို့ စီစဉ်ထားပါတယ်။