နေကြာစိုက်ဖို့အတင်းအကြပ် ဖိအားပေးခံရလို့ ဧရာဝတီ တောင်သူတွေအခက်တွေ့

ဧရာဝတီတိုင်းက စစ်ကောင်စီဌာနဆိုင်ရာ ဝန်ထမ်း တွေနဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက ဆီထွက်သီး နှံ နေကြာကို မဖြစ်မနေ စိုက်ဖို့ အတင်းအကြပ် ဖိအားပေးနေတာကြောင့် အခက်တွေ့နေကြရတယ် လို့ ဒေသခံတောင်သူတွေက DNA ကိုပြောပါတယ်။

ဆောင်းသီးနှံ အဖြစ် နွေစပါးကို ရေသွင်းစိုက်ပျိုး ကြတဲ့သူတွေအဖို့ ရေမြုပ်လို့ မရတဲ့ နေကြာစိုက်ဖို့ ဆိုတာ မဖြစ်နိုင်တဲ့ အပြင်၊နေကြာစိုက် ကျွမ်းကျင်လုပ်သား နည်းပါးတာ၊ နည်းပညာအခက်အခဲနဲ့ မျိုးစေ့ဓာတ်မြေဩဇာစတဲ့ သွင်းအားစုတွေကိုဝယ် မသုံးနိုင်တဲ့ အခက်အခဲတွေနဲ့လည်း ရင်ဆိုင်နေရ တယ်လို့ ဆိုပါတယ်။

“နေကြာကို ရေအတက်အကျရှိတဲ့ အနိမ့်ပိုင်းလယ် တွေမှာ စိုက်လို့ ပိုမဖြစ်နိုင်ဘူး၊ဒေသ ရာသီဥတု ကိုကလည်း ဆောင်းမိုးရွာတဲ့ အဖြစ်အပျက်မျိုးတွေ ရှိနေခဲ့တော့ နေကြာစိုက်တာကို မစွန့်စားရဲဘူး၊ ဒါ့အပြင် နေကြာကိုစားတဲ့ မြေကြွက်၊စာကလေး ကြက်တူရွေးတို့ ရန်ကလည်းရှိသေးတယ် “လို့ သာ ပေါင်း မြို့နယ်က တောင်သူတဦးကပြောပါတယ်။

နေကြာကို သီးညှပ်ရော သီးသန့်ပါ စိုက်ဖို့ စစ်ကောင်စီရဲ့ စိုက်ပျိုးရေးဌာနနဲ့ မြေစာရင်းဌာနတို့က ဖိ အားပေးနေပြီး လယ်ဧကအလိုက် နေကြာစိုက်ဧကတွေကို စာရင်းပြုစု သတ်မှတ် စိုက်ခိုင်းနေတာဖြစ်တယ် လို့ဆိုပါတယ်။

နေကြာမစိုက်တဲ့တောင် သူတွေအနေနဲ့လယ်မြေ ပိုင်ဆိုင်လုပ်ကိုင်ခွင့်တွေ ဆုံးရှုံးသွားနိုင်ကြောင်း လည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက ခြိမ်းခြောက်တယ်လို့ သိရပါတယ်။

အဲ့ဒီလိုဖိအားပေးနေတာနဲ့ပတ်သက်လို့ “မင်းအောင်လှိုင် က ဆီထွက်သီးနှံ အစားထိုးစိုက် ဆိုတာ ထက် သူအုပ်ချုပ်တာ အနေကြာဖို့ နေကြာစိုက်ခိုင်းပြီး ယတြာချေတယ်လို့ တောင်သူတွေက အထင် ရှိနေတော့ နေကြာမစိုက်ချင်ကြတာလည်းပါတယ်” လို့ CDM စိုက်ပျိုးရေးဌာန ဝန်ထမ်း တဦး ကပြောပါတယ်။

စပါးစိုက် တောင်သူတွေကတော့ မိုးစပါးအပြင် နွေစပါးကိုလည်း အားထားနေရတာဖြစ်တယ်လို့ ဆိုပါတယ်။ မိုးစပါးဟာ နွေစပါးနဲ့ယှဥ်ရင်စိုက်ပျိုးမှုကုန် ကျစရိတ်နည်းပေမယ့် အထွက်နှုန်းကလည်း နွေစပါးထက် နည်းတယ်လို့ တောင်သူတွေကပြောပါတယ်။

ကုန်ကျစရိတ်နည်းတဲ့ မိုးစပါးက တဧက တင်း(၅၀) လောက်ပဲ ထွက်ပေမယ့် နွေစပါးကတော့ တဧက တင်းတရာလောက်ထွက်တယ်လို့ သိရပါတယ်။ ဒါကြောင့် နွေမှာ စပါးအစား နေကြာပြောင်းစိုက် မယ်ဆိုရင် ဆန်စပါးထွက်နှုန်းလည်း ခေါက်ချိုး လျော့ ကျသွားနိုင်တယ်လို့ တောင်သူတဦးက ပြောပါတယ်။

ဒါ့အပြင် ဆောင်းသီးနှံစိုက်တဲ့ ကိုင်းမြေနဲ့ လယ်မြေအချို့မှာ ဈေးကောင်းရတဲ့ ငရုတ်၊ ဂျပန်ပဲယင်းနီး၊ ဂျပန်ပဲ တီစိမ်း၊ ပဲပုပ်၊ မတ်ပဲ၊ တို့ကို စိုက်ပျိုးပြီးနေတာကြောင့် နေကြာကို သီးသန့် စိုက်ပျိုးချိန် မမှီနိုင်တော့ဘူးလို့ ဆောင်းသီးနှံစိုက်တဲ့ တောင်သူတွေဆီက သိရပါတယ်။

လက်ရှိမှာ စိုက်ပျိုးရေး ဌာနက တဧကစာ နေကြာမျိုးစေ့ကို ကျပ် (၂၅၀၀၀) နဲ့ မဖြစ်မနေ ဝယ်ယူခိုင်း နေပေမယ့် ထွက်လာတဲ့ နေကြာအတွက် သတ်မှတ်ကြမ်းခင်းဈေးနဲ့ ဘယ်သူက တာဝန်ခံဝယ်မယ်ဆိုတဲ့ အာမခံချက်တော့မပေးဘူးလို့ ဆိုပါတယ်။

ဧရာဝတီတိုင်းအတွင်းက မြစ်ရေအတက်အကျ ကြမ်းပြီး မိုးရေတင်နိုင်တဲ့ ဒေသတွေမှာ နေကြာ စိုက်ပျိုးလို့မရနိုင်ပေမယ့် ကုန်းကျတဲ့ လယ်မြေတွေ နဲ့ မြေနုကိုင်းမြေ တွေရှိတဲ့ ဟင်္သာတ၊ကျုံပျော်၊ ကန်ကြီး ထောင့်၊ ဇလွန်နဲ့ လေးမျက်နှာစတဲ့ မြို့နယ် တွေမှာတော့မြေပဲနဲ့အတူ သီးညှပ်အဖြစ်စိုက်ပျိုး တာမျိုးရှိတယ်လို့ သိရပါတယ်။