မုံရွာမြို့နယ် ထန်းလေးပင်ရွာမှာ စစ်တပ်နဲ့ ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီး နှစ်ဘက်ထိခိုက်သေဆုံးမှုရှိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ထန်းလေးပင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး ပူးပေါင်း တပ်တွေ တိုက်ပွဲဖြစ်ပြီး နှစ်လက်ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ကာကွယ်ရေးတပ်တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဒေသကာကွယ်ရေးတပ်တွေက နိုဝင်ဘာ(၆))ရက် နေ့လယ်ပိုင်းမှာ သွား ရောက်တိုက်ခိုက်တာကြောင့် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က (၁၇)ဦးလောက် သေဆုံးသလို ကာကွယ် ရေး တပ်ဖွဲ့ဘက်ကလည်း ခြောက်ဦးကျဆုံးတယ်လို့ Chindwin Attack Force ပြန်ကြားရေးတာဝန်ခံက DNA ကို​ပြောပါတယ်။

“ပထမဆုံး သူတို့ဘက်စတက်လာတဲ့ အင်အားသုံးဆယ်လောက်စစ်ကြောင်းက ကျနော်တို့တွေပစ်ခတ်မူကြောင့် ပျောက်ထွက်သွားသလို ဖြစ်သွားတယ်၊ သူတို့ဘက်က (၁၇) ယောက်သေတာက ကျွန်တော်တို့ မျက်မြင်ပါ၊ ရွာခံ တွေဆီကပြန်ကြားရတာက ဒီထက်များတယ်” လို့ သူကပြောပါတယ်။

အဲ့ဒီတိုက်ပွဲမှာ ဒေသခံကာကွယ်ရေးတပ်တွေက လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ တာ ဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း စစ်သေနတ်တွေ၊ လက်နက်ကြီးတွေအပြင် ဓာတုဗုံးတွေပါအသုံးပြုပြီး စစ် ကြောင်းသုံးခုနဲ့တုံ့ပြန်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

“ကျွန်တော်တို့ရဲဘော်ခြောက်ယောက် ကျဆုံးရတာ တကယ်က ကျည်မရှိတော့လို့ ၊ နှစ်ယောက်ကိုတော့ မေးတာမဖြေလို့ ခေါင်းကိုတေ့ပစ်သွားတာ”လို့ Chindwin Attack Force ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) အနေနဲ့ဒေသတွင်းကျေးရွာတွေကို စစ် ကြောင်းထိုး မီးရှို့နေတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို လိုက်လံတိုက်ခိုက်နေတာဖြစ်တယ်လို့ဆိုပါတယ်။

နှစ်ဘက် ထိခိုက်သေဆုံးတဲ့ အရေအတွက်ကို အတည်မပြုနိုင်ပေမယ့် ထန်းလေးးပင်ရွာမှာ မနေ့က တိုက်ပွဲဖြစ်ခဲ့ တာကိုတော့ မုံရွာဒေသခံတဦးက အတည်ပြုပါတယ်။

“စကစစစ်ကြောင်းက မနက်ရှစ်နာရီလောက်ကစ အဲ့ဒီရွာကို မီးရှို့တာ၊ကာကွယ်ရေးတပ်ဖွဲ့တွေ အဲ့နေ့လယ်မှာ လာတိုက်တယ်ပြောတယ်၊သေတဲ့ စခတွေကို သုံးပုံပုံပြီး မီးရှို့ထားခဲ့တယ်လို့လည်း ကြားတယ်”လို့ ဒေသခံက ပြောပါတယ်။