Adidas ဖိနပ်ချုပ်ပေးနေတဲ့ မြန်မာပေါင်ချိန်စက်ရုံလုပ်သားတွေ လုပ်ခတိုးပေးဖို့ဆက်တောင်းဆိုမယ်လို့ဆို

Adidas ဖိနပ်ချုပ်ပေးနေတဲ့ မြန်မာပေါင်ချိန်စက်ရုံဟာ လုပ်ခလစာတိုးပေးဖို့ ဆန္ဒပြတောင်းဆိုတဲ့ အလုပ်သမား တချို့ကို အလုပ်ထုတ်လိုက်ပေမယ့် ကျန်ရှိနေတဲ့ အလုပ်သမားတွေအနေနဲ့ တောင်းဆိုမှုတွေ ဆက်လုပ် မှာဖြစ် တယ်လို့ စက်ရုံအလုပ်သမားတချို့က DNA ကို ပြောပါတယ်။

အဲဒီစက်ရုံကအလုပ်သမားတွေဟာ အောက်ဘာ (၂၅)ကနေ (၂၇)ရက်အထိ စက်ရုံအတွင်း ဆန္ဒပြတောင်းဆိုမူ ပြု လုပ်ခဲ့ပေမယ့် စက်ရုံဘက်က လုပ်ခလစာမတိုးပေးတဲ့အပြင် ဦးဆောင်သူတချို့ကို အလုပ်ထုတ်ခဲ့ပြီး ကျန်အလုပ်သမားတွေကို စုဝေးဆန္ဒပြလို့မရအောင် လုပ်ခဲ့တဲ့အတွက် တောင်းဆိုမှုအစီအစဥ်ရပ်သွားခဲ့ပါတယ်။

“အလုပ်သမားတွေကအလျှော့ပေးမှာမဟုတ်ဘူး၊တောင်းဆိုမူတွေဆက်လုပ်မှာပါ။အခြေအနေအရသာခဏရပ်လိုက်ရတာ၊ဘယ်လိုလူပ်ရှားမှုတွေလုပ်မယ်ဆိုတာတော့ပြောမရသေးဘူး”လို့အဲဒီစက်ရုံလုပ်သားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် မြန်မာပေါင်ချိန်ဖိနပ်စက်ရုံအလုပ်သမားသမဂ္ဂကလည်း တောင်းဆိုမှုတွေဆက်လုပ်ဖို့ ဆော်သြ ထားပါ တယ်။မြန်မာပေါင်ချိန်စက်ရုံအလုပ်သမားတွေဟာ တစ်ရက်လုပ်ခ (၄၈၀၀) ကျပ်ကနေ (၈၀၀၀) ကျပ်တိုးမြှင့်ပေးဖို့ တောင်းဆိုထားကြတာဖြစ်ပါတယ်။

စက်ရုံဘက်ကတော့ အလုပ်သမားတွေရဲ့တောင်းဆိုမှုကို ငြင်းပယ်ထားပြီး တစ်ဦးကို တစ်လ (၁၁၀၀၀) ကျပ်စီ စျေးဝယ်ကတ်ထဲထည့်ပေးမယ်လို့သာ အကြောင်းပြန်ထားတာပါ။

အောက်တိုဘာ လကုန်ပိုင်း ဆန္ဒပြတောင်းဆိုမူမှာ ဦးဆောင်ပါဝင်တယ်ဆိုတဲ့ အလုပ်သမား သုံးဆယ် လောက်အ လုပ်ထုတ်ခံရတာနဲ့ပတ်သက်လို့ အလုပ်သမားတွေက ILO ရုံးဆီစာပို့တိုင်ထားသလို့ မြို့နယ်တရားရုံးမှာလည်း တိုင်ကြားဖြေရှင်းနေပါတယ်။

မြန်မာပေါင်ချိန်ဖိနပ်စက်ရုံက ချုပ်လုပ်နေတဲ့ Adidas ကုမ္ပဏီဟာ အလုပ်သမားအခွင့်အရေးချိုးဖောက်မူတွေကို မျက်ကွယ်ပြုထားတယ်ဆိုပြီး မြန်မာအပါအဝင် နိူင်ငံတကာ အလုပ်သမားအဖွဲ့တွေက ရှုံ့ချဆန္ဒပြမူတွေပြုလုပ်နေပါတယ်။

အဲဒီထုတ်ကုန်ကိုချုပ်လုပ်နေတဲ့ မြန်မာပေါင်ချိန်စက်ရုံဟာ ရွှေပြည်သာမြို့နယ်မှာ စက်ရုံတည်ထားပြီး အလုပ်သမား ၇၀၀၀ လောက်နဲ့ လည်ပတ် နေတာ ဖြစ်တယ် စက်ရုံအလုပ်သမားတွေဆီကသိရပါတယ်။