ဘိုကလေးမှာရာအိမ်မှူး တစ်ဦး ပစ်ခတ်ခံရပြီးနောက် ဒေသခံ ဆယ်ဦး အဖမ်းခံရ

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်မှာ စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီးနောက် ဒေသခံ (၁၀) ဦးကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီ ရဲ့ သတင်းပေး တစ်ဦးအဖြစ် စွပ်စွဲမှုတွေရှိတဲ့ မလော့ ကျေးရွာ အုပ် စု၊ မရမ်းကွဲကျေးရွာက ရာအိမ်မှူး မြင့်ဇော် ခေါ် ရှုပ်ထွေးဆိုသူ နိုဝင်ဘာ (၃) ရက် ညပိုင်းမှာ သေနတ်နဲ့ပစ်ခတ်ခံရပြီးနောက် မရမ်းကွဲကျေးရွာ အနီးပါတ်ဝန်းက ဒေသခံတွေ အဖမ်းခံထားရတာဖြစ်ပါတယ်။

“အပစ်ခံရတဲ့သူက သေဖို့များတယ် ဘိုကလေး ဆေးရုံမှာ တင်ထားတယ်၊ စစ်တပ်က ညကရော ဒီနေ့ (နိုဝင်ဘာ ၄) မနက်ကရော ရွာအဝင်လမ်းနဲ့ ရွာချင်းဆက်လမ်းတွေကို ပိတ်ဆို့ပြီး လမ်းသွားလမ်းလာ တွေရော ရွာခံတွေရော ဖမ်းထားတာ” လို့ ဒေသခံတဦးကပြောပါတယ်။

သေနတ်နဲ့ အပစ်ခံရတဲ့ စစ်ကောင်စီခန့် ရာအိမ်မှူး မြင့်ဇော် ခေါ် ရှုပ်ထွေး ဆိုသူဟာ မလော့ကျေးရွာ အုပ်စုက ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့အပြင် စစ်ကောင်စီထောက်တိုင် အမာခံ သတင်းပေးတစ်ဦးလည်း ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရာအိမ်မှူး မြင့်ဇော် ဆိုသူက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နေအိမ်ခေါ် ထမင်းကျွေးတာ၊ သတင်းပေးတာတွေအပြင် စစ်တပ်နဲ့ပေါင်းပြီး ဒေသခံတွေကို ဖမ်းဆီးငွေညှစ်တာတွေလည်း လုပ်နေလို့ ဧရာဝတီတိုင်း စစ်ဒေသခွဲရဲ့ နန်းထိုက်အောင် ဆင်ရေးအဖြစ် ပစ်ခတ် ရှင်းလင်း လိုက်တာလို့ ဘိုကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ် ပြန်ပါတယ်။

“သတင်းပေး မြင့်ဇော်ကြောင့် အဖမ်းခံရတဲ့သူတွေရှိနေပြီး သူ့ကို ငါးချက်တိတိ သေနတ်နဲ့ ပစ်ခဲ့တယ်၊ ပြည်သူလူထုကို ဒုက္ခပေးပြီး စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ အုပ်ချုပ် ရေးမှူးတွေ၊ သတင်းပေးတွေ စစ်ရေး၊စီးပွားရေး ဒေါက် တိုင်တွေကိုလည်း ဆက်လက်တိုက်ခိုက်သွားမှာ ဖြစ်တယ်” လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ပစ်ခတ်မှုဖြစ်စဉ်ကို ဆောင်ရွက်ခဲ့တဲ့ တော်လှန်ရေး အဖွဲ့ဝင်တွေကတော့ ဘေးကင်း လုံခြုံတဲ့ နေရာကို ပြန်လည် ရောက်ရှိသွားပြီလို့လည်းဆိုပါတယ်။