တာဝေးပစ် ဒုံးကျည်တစ်စင်း မြောက်ကိုရီးယား ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား စွပ်စွဲ

မြောက်ကိုရီးယားဟာ တာဝေးပစ် ဒုံးကျည်တစ်စင်း ပစ်ခတ်ခဲ့တယ်လို့ ယုံကြည်ရကြောင်း တောင်ကိုရီးယား ပူးပေါင်းစစ်ဆင်ရေး ဌာနချုပ်က ထုတ်ပြန်ပါတယ်။ 

နိုဝင်ဘာ ၃ ရက်မှာ မြောက်ကိုရီးယားက တာဝေးဒုံးကျည် တစ်စင်းနဲ့ တာတို ပဲ့ထိန်းဒုံးကျည်နှစ်စင်း ပစ်ခတ်ခဲ့တယ်လို့ ယူဆရကြောင်း တောင်ကိုရီးယားဖက်က ပြောပါတယ်။ ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါကလည်း မြောက်ကိုရီးယားရဲ့ ဒုံးကျည်တွေထဲက အနည်းဆုံး တစ်စင်းဟာ တာဝေးပျံသန်းတဲ့ အမျိုးအစား ဖြစ်နိုင်ကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။ 

အဲဒီဒုံးကျည်ဟာ ဂျပန်နိုင်ငံအထက်ကနေ ဖြတ်ကျော် ပျံသန်းမယ်ဆိုတဲ့ သတင်းကြောင့် ဂျပန် အလယ်ပိုင်းနဲ့ မြောက်ပိုင်းမှာ ဒေသခံတွေကို လမ်းပေါ်မထွက်ကြဘဲ အိမ်ထဲမှာပဲ အချိန်ပိုင်းလောက် ခိုလှုံနေကြဖို့ အာဏာပိုင်တွေက သတိပေးခဲ့ရပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ မြောက်ကိုရီးယား ဒုံးကျည်ဟာ ဂျပန် လေပိုင်နက်ပေါ်က ကျော်သွားတယ် ဆိုတာဟာ သတင်းအမှား ရခဲ့တာသာ ဖြစ်တယ်လို့ ဂျပန် အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။ ဒုံးကျည်ဟာ ပစိဖိတ် သမုဒ္ဒရာအတွင်း တစ်နေရာမှာ ကျရောက်သွားခဲ့တယ်လို့ ဂျပန် ကမ်းခြေစောင့် တပ်ဖွဲ့က အတည်ပြုပါတယ်။ 

ဒီအခြေအနေတွေဟာ အခုနှစ်အတွင်း မြောက်ကိုရီးယားရဲ့ တစ်ရက်တာအတွင်း ဒုံးကျည်အများဆုံး စံချိန်တင် ပစ်ခတ်မှုအပြီး နောက်တစ်နေ့မှာ ကြုံလာတဲ့ အခြေအနေပါ။ နိုဝင်ဘာ ၂ ရက်က မြောက်ကိုရီးယားဟာ တစ်နေ့တည်းနဲ့ ဒုံးကျည် ၂၃ စင်းထက်မနည်း ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားက ပြောပါတယ်။ အဲဒီ ဒုံးကျည်တွေထဲက တစ်စင်းဟာ တောင်ကိုရီးယား နှစ်နိုင်ငံ ရေပိုင်နက် ပိုင်းခြားထားရာ မျဉ်းကို ကျော်လွန်ပြီး တောင်ကိုရီးယား ကမ်းလွန် ကီလိုမီတာ ၆၀ လောက်အကွာ ရေပြင်မှာ ကျရောက်ခဲ့ပါတယ်။ ဒီကိစ္စကို တုံ့ပြန်တဲ့ အနေနဲ့ တောင်ကိုရီးယားကလည်း ပင်လယ်ဖက်ကို ဒုံးကျည်တွေ ပစ်ခတ်ပြခဲ့ပါတယ်။ 

နိုဝင်ဘာ ၃ ရက်မှာ မြောက်ကိုရီးယား ထပ်မံပစ်ခတ် စမ်းသပ်ခဲ့တဲ့ တာဝေးပစ် အမျိုးအစားလို့ သံသယရှိစရာ ဒုံးကျည်နဲ့ ပတ်သက်ပြီး ဂျပန်၊ တောင်ကိုရီးယားတို့က အချက်အလက်တွေ စုဆောင်းနေဆဲပါ။ 

ကိုရီးယား ကျွန်းဆွယ်နားမှာ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပူးပေါင်းပြီး အင်အား အကြီးမားဆုံး လေတပ် စစ်ရေးလေ့ကျင့်မှုတစ်ခု လုပ်ဆောင်နေချိန်မှာ မြောက်ကိုရီးယားက အခုလို ဒုံးကျည်တွေ တရစပ် ပစ်လွှတ်ပြနေခဲ့တာ ဖြစ်ပါတယ်။ မြောက်ကိုရီးယား အစိုးရက အဲဒီစစ်ရေးလေ့ကျင့်မှုတွေဟာ ရန်လိုတဲ့၊ ရန်စတဲ့ လုပ်ရပ်လို့ စွပ်စွဲ ဝေဖန်ထားပါတယ်။ 

မြောက်ကိုရီးယားဟာ အခုနှစ်မှာ ဒုံးကျည်ပစ်ခတ် စမ်းသပ်မှုတွေ စံချိန်တင် အရေအတွက်ထိ လုပ်ဆောင်ခဲ့ပြီးပါပြီ။ ဒီအခြေအနေတွေကပဲ ဒေသတွင်း တင်းမာမှုတွေကို ပိုပြီး မီးစာမြှင့်တင်ပေးသလို ဖြစ်နေတယ်လို့ အမေရိကန်နဲ့ အာရှ မဟာမိတ်တွေက စွပ်စွဲထားပါတယ်။ 

နောက်ပြီး မြောက်ကိုရီးယား စစ်တပ်ဟာ အခုနှစ် မကုန်ခင်မှာ နိုင်ငံရဲ့ သတ္တမမြောက် နျူကလီးယားလက်နက် စမ်းသပ် ဖောက်ခွဲမှုတစ်ခု ပြုလုပ်သွားမယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။