တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံ ရေပိုင်နက်တွေ ပိုင်းခြားသတ်မှတ်ထားရာ ဧရိယာတဝိုက်မှာ နှစ်ဖက်စလုံးက အပြန်အလှန် သတိပေး ပစ်ခတ်ခဲ့ကြကြောင်း သိရပါတယ်။
အောက်တိုဘာ ၂၄ ရက်က မြောက်ကိုရီးယားဟာ နိုင်ငံရဲ့ အနောက်ဖက် ကမ်းလွန်ပင်လယ်ပြင်ဆီ လက်နက်ကြီး ၁၀ ကြိမ်လောက် ပစ်ခတ်ခဲ့တယ်လို့ အစိုးရပိုင် KCNA သတင်းဌာနက အတည်ပြုပါတယ်။ အဲဒီ မတိုင်ခင်မှာ တောင်ကိုရီးယား စစ်တပ်ကလည်း မြောက်ကိုရီးယားဖက်က လှေတစ်စီး ချဉ်းကပ်လာတာကို တွေ့ရှိတဲ့အတွက် သတိပေး ပစ်ခတ်မှုခဲ့ကြောင်း ပြောပါတယ်။
တောင်ကိုရီးယား ကင်းလှည့်တပ်ဖွဲ့တွေက မနက်နေမထွက်ခင် အချိန်မှာ မြောက်ကိုရီးယားဖက်ကနေ ချဉ်းကပ်လာတဲ့ လှေတစ်စီးကို သတိပေး ပစ်ခတ်ခဲ့ပြီး နာရီပိုင်း အကြာမှာပဲ မြောက်ကိုရီးယားဆီက လက်နက်ကြီးသံတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဒီအခြေအနေတွေက ရှိရင်းစွဲ နှစ်နိုင်ငံ တင်းမာမှုတွေကို နောက်ထပ် ဒီဂရီတစ်ခု ထပ်တိုးသွားစေဖွယ် ရှိပါတယ်။ တောင်ကိုရီးယား ပူးပေါင်းစစ်ဆင်ရေး ဌာနက ရေကြောင်း သွားလာမှု ကန့်သတ် ဧရိယာကို ဖြတ်ကျော်လာတဲ့ မြောက်ကိုရီးယား ကုန်သွယ်ရေး ရေယာဉ်တစ်စီးကို သတိပေး ပစ်ခတ်ခဲ့တာလို့ ဖြစ်ပါတယ်။
အခုလို ပစ်သံခတ်သံ ဆူညံခဲ့တဲ့ ရေကြောင်း နယ်နိမိတ် ဇုန်နေရာမှာ အတိတ်ကလည်း ကိုရီးယား နှစ်နိုင်ငံကြား ပဋိပက္ခတချို့ ဖြစ်ပေါ်ဖူးပါတယ်။ လက်ရှိ အနေအထားမှာတော့ မြောက်ကိုရီးယား ဒုံးကျည်တွေ ဆက်တိုက် စမ်းသပ်ပြနေပြီး တောင်ကိုရီးယားကလည်း အမေရိကန်နဲ့အတူ စစ်ရေးလေ့ကျင့်မှုတွေ အင်အား အလုံးအရင်းနဲ့ လုပ်ဆောင်ပြနေတာကြောင့် နှစ်ဖက် ဆက်ဆံရေးက ဆူပွက်နေပါတယ်။
နှစ်နိုင်ငံ တပ်တွေ နယ်စပ်မှာ အပြန်အလှန် သတိပေး ပစ်ခတ်ကြတဲ့နေ့ဟာ အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဝမ်ဒီ ရှာမန်ဟာ ဂျပန်ကို ရောက်ရှိလာပြီး အမေရိကန်-ဂျပန်-တောင်ကိုရီးယား သုံးပွင့်ဆိုင် ဆွေးနွေးမှုတွေ အစပြုမယ့် အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။