ရန်သူ့နိုင်ငံ တောင်ကိုရီးယားကို ချေမှုန်းဖို့ တရားဝင် အခွင့်အရေးရှိတယ်လို့ ကင်ဂျုံအန်းပြော

ဖေဖော်ဝါရီ ၊ ၁၀

ရန်သူနိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားကို အချိန်မရွေး တိုက်ခိုက် ဖျက်ဆီးဖို့ သူ့မှာ တရားဝင် အခွင့်အရေး အပြည့်အဝ ရှိတယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ပြောပါတယ်။

 တကယ်လို့ တောင်ကိုရီးယားဖက်ကသာ ရန်လိုတဲ့၊ အင်အားသုံးတဲ့ အခြေအနေ တခုခုကို လက်တွေ့စတင်လာရင် သူကလည်း ညှာမှာ မဟုတ်ဘူးလို့ ကင်က ဖေဖော်ဝါရီ ၈ ရက်မှာ ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယား စစ်တပ် ထူထောင်မှု နှစ်ပတ်လည်နေ့ အကြိုကာလမှာ ကင်က အခုလို တင်းမာတဲ့ သဘောထား မှတ်ချက်မျိုး ပေးလာတာ ဖြစ်ပါတယ်။

 Reuters သတင်းဌာနက ကင်ဟာ ကာကွယ်ရေး ဝန်ကြီးဌာနကို သွားရောက် လည်ပတ် စစ်ဆေးချိန်မှာ စစ်သည်တွေကို အဲဒီစကား ပြောခဲ့တာလို့ ဖော်ပြခဲ့ပါတယ်။

 ရန်သူတွေက မြောက်ကိုရီးယားကို ရန်မူလာမယ်ဆိုရင် မြောက်ကိုရီးယားကလည်း ရဲရင့်ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ပြီး သမိုင်းကြောင်းကို ပြောင်းလဲပစ်မှာ ဖြစ်ကြောင်း၊ မြောက်ကိုရီးယားမှာ ရှိသမျှ လက်နက်ရင်းမြစ် အားလုံး အသုံးချပြီး ရန်သူကို အမြစ်ဖြတ် ချေမှုန်းမှာဖြစ်ကြောင်း ကင်က ဆိုပါတယ်။

 ကင်က သူဟာ တောင်ကိုရီးယားနဲ့ နောက်ထပ် စေ့စပ်ဆွေးနွေးဖို့ အားထုတ်မှုတွေ ဘယ်တော့မှ မလုပ်တော့ဘူးလို့လည်း ထပ်လောင်း အတည်ပြုသွားပါတယ်။ မနှစ်က နှစ်ကုန်ပိုင်းမှာ ကင်ဟာ ကိုရီးယားနှစ်နိုင်ငံ ငြိမ်းချမ်းစွာ ပြန်လည် သင့်မြတ် ပေါင်းစည်းရေး အလားအလာ လုံးဝ မရှိတော့ဘူးလို့ ပြောကြားပြီး တောင်ကိုရီးယားကို နံပါတ်တစ် ရန်သူအဖြစ် သတ်မှတ် ကြေညာခဲ့ပါတယ်။

 ရန်သူ့နိုင်ငံတခုကို ပြတ်ပြတ်သားသား တိုက်ခိုက် ချေမှုန်းဖို့ သူ့မှာ တရားဝင် လုပ်ပိုင်ခွင့် အားလုံးရှိတယ်လို့လည်း ကင်က ခြိမ်းခြောက်ခဲ့ပါတယ်။

 ကင်ဟာ ကာကွယ်ရေး ဝန်ကြီးဌာနဆီ သွားရောက်ချိန်မှာ သမီးဖြစ်သူ ကင်ဂျူအေးကိုပါ ခေါ်ဆောင်သွားတယ်လို့လည်း အစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြပါတယ်။ ဂျူအေးဟာ နောင်တချိန်မှာ ဖခင်ရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ထင်ကြေးပေး ခံထားရပါတယ်။

 Ref: Reuters