အယ်ဒီတာ့အာဘော် 

■ မြန်မာ့ရေမြေနဲ့ အပ်စပ်တဲ့ အတွေးအခေါ် ဓလေ့သစ်တွေ ထွန်းကားရေး 

၁။ မြန်မာ့ဓလေ့ရဲ့ အခြေခံအုတ်မြစ်တွေကို ကြည့်ရင်၊ ဗုဒ္ဓဘာသာဓလေ့ထုံးတမ်းက လာတဲ့ အစဉ်အလာ အတွေးအခေါ်တွေ များစွာ ပါဝင်နေတာကို တွေ့ရပါလိမ့်မယ်။ ထိုနည်းတူစွာပဲ အနောက်တိုင်းအတွေးအခေါ် ရင်းမြစ်ကနေ ဆင်းသက်တဲ့ လူမှုနိုင်ငံရေးအတွေးအခေါ်တွေလည်း စွဲမြဲကျယ်ပြန့်နေတာကို တွေ့ရပါတယ်။ ရေမြေအားဖြင့် နီးစပ်မှု ရှိတာကြောင့် မြန်မာ့ဓလေ့မှာ တရုတ်ယဉ်ကျေးမှုနောက်ခံကနေ ဆင်းသက်တဲ့ ကွန်ဖြူးရှပ်အယူအဆတချို့နဲ့လည်း ဆင်တူကြောင်းကွဲ နားလည်လက်ခံထားတာတွေ ရှိပါတယ်။ မြန်မာ့ဓလေ့စရိုက်အရ မြန်မာတွေမှာ ရှေးထုံးကို စွဲမြဲတဲ့ စရိုက်သကန်ကိုလည်း တွေ့ရပါတယ်။ 

၂။ မြန်မာ့လူ့အဖွဲ့အစည်းမှာ အတွေးအခေါ်သစ် လိုအပ်ပါတယ်။ သို့သော်လည်း မူလအနေအထားနဲ့ လုံးဝ ကွဲပြားခြားနားနေတဲ့ အတွေးအခေါ်မျိုးနဲ့ မြန်မာတွေဟာ အပ်စပ်မယ် မထင်ပါဘူး။ မြန်မာ့ရေမြေနဲ့ နီးစပ်တဲ့ အသားကျတဲ့ ဒဿနအတွေးအခေါ်သစ်မျိုးတွေ ထပ်ဆင့် တိုးတက်လာကြဖို့ လိုပါတယ်။ မူရင်းအားဖြင့် အနှစ်အသားရှိသလို၊ မိတ္တူအားဖြင့် ကူးယူပွားယူထားတဲ့ မြန်မာ့ဒဿနတွေ ခပ်များများ ရှိနေပါတယ်။ ဒါကို သက်ဆိုင်ရာ ပညာတတ်အလွှာအသီးသီးက ရှာဖွေဖော်ထုတ် ဖြန့်ချိကြဖို့ ဖြစ်ပါတယ်။ ဒီလို ရှာဖွေ ဖော်ထုတ်တဲ့နေရာမှာ သုတေသနနည်းကိုလည်း သုံးဖို့ လိုတယ်။ သတင်းမီဒီယာတွေအားဖြင့်လည်း အသုံးချ ချဲ့ထွင်ကြရပါမယ်။ ဒဿနပိုင်းမှာ အားကောင်းမောင်းသန်နဲ့ ဖြန့်ကျက်နိုင်တဲ့ ကိုယ်ရည်ကိုယ်သွေးရှင်တွေ လိုအပ်ပါတယ်။ ဒဿနပိုင်းမှာ ဩဇာတိက္ကမကြီးမားတဲ့ လူပညာရှိတွေ၊ ရဟန်းပညာရှိတွေ လိုအပ်ပါတယ်။ 

၃။ မြန်မာ့လူ့အဖွဲ့အစည်းမှာ ပြင်ဆင်ပြောင်းလဲရမယ့် ဓလေ့စရိုက်တွေ အမြောက်အမြား ရှိပါတယ်။ မြန်မာတွေထဲမှာ ဓလေ့အပြောင်းအလဲကို လုပ်ဖို့အတွက် အခြေခံလိုအပ်ချက်တွေမှာ လုံလုံလောက်လောက်နဲ့ လုံလုံခြုံခြုံ ဖြစ်ကြဖို့လည်း လိုပါတယ်။ ခေတ်စနစ် အပြောင်းအလဲကို ကြုံနေရတာထက် ခေတ်စနစ် အကျပ်အတည်းမှာ ပိတ်မိနေတဲ့ မြန်မာ့လူ့အဖွဲ့အစည်းဟာ အခြေခံကိုယ်ကျင့်ပြဿနာတွေနဲ့တင် တစ်,နေတဲ့ အခြေအနေမှာ ရှိပါတယ်။ လူထုကြားထဲမှာ ပညာတတ်တွေ အမြောက်အမြားပေါ်လာပြီး မြန်မာ့ဓာတ်ခံနဲ့ ကိုက်ညီတဲ့ ကိုယ်ကျင့်ဒဿနတွေ၊ လူမှုအတွေးအခေါ်တွေ၊ နိုင်ငံရေးအတွေးအခေါ်တွေကို ပြန်လည်ဆန်းသစ်ပြီး ကျယ်ပြန့်အောင် လုပ်ကြဖို့ပါ။ ဒီလို လုပ်တဲ့နေရာမှာ စာပေဟာ အတွင်ကျယ်ဆုံး သုံးစွဲရမယ့် ပလက်ဖောင်းဖြစ်ပြီး၊ သတင်းမီဒီယာတွေကိုလည်း ခေတ်နဲ့ အပ်စပ်အောင် အသုံးချပြီး ချဲ့ထွင် ဖြန့်ကျက်ကြဖို့ ဖြစ်ပါတယ်။ 

၄။ မြန်မာပြည်မှာ လူထုကြားထဲက တကယ့်ပညာတတ်‌တွေ လိုနေပါတယ်။ ပစ္စုပ္ပန်ကာလမှာ၊ တတ်ယောင်ကားတွေသာ များနေလို့ လူ့အဖွဲ့အစည်းမှာ အဆိပ်တွေ ပိုများနေတယ်။ မြန်မာ့လူမှုအတွေးအခေါ်ဟောင်းတွေကို တော်လှန်တဲ့ အယူအဆသစ် အမြင်သစ်ဆိုတာတွေဟာ မသိုးမသန့်ဖြစ်စရာ ဖတ်တငံ့ငံ့ ဖြစ်စရာတွေအဖြစ် အုတ်ရောရော ကျောက်ရောရော ဖြစ်နေပါတယ်။ ဒါတွေကို ဖယ်ကြ ၊ သန့်စင်ကြပြီး၊ ခြေခြေမြစ်မြစ်ရှိပြီး ခိုင်ခိုင်မာမာဖြစ်တဲ့ လူမှုနိုင်ငံရေးအတွေးအခေါ်သစ်တွေ ထုတ်လုပ်ဖြန့်ချိကြဖို့ ဖြစ်ပါတယ်။ 

၅။ ဘာသာရေးအားဖြင့် လွှမ်းမိုးမှုအားကြီးတဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ ဗုဒ္ဓဘာသာမြန်မာဘုန်းကြီးတွေရဲ့ ဩဇာသက်ရောက်မှုက ကျယ်ပြန့်ပါတယ်။ သံဃာ့အဖွဲ့အစည်းထဲမှာလည်း ခေတ်မီပြီး ပွင့်လင်းလွတ်လပ်တဲ့ လူမှုအမြင်အယူအဆတွေကို ပြန့်ပြန့်နှံ့နှံ့ဖြစ်အောင် လုပ်ကြဖို့ ဖြစ်ပါတယ်။ ဒီလို လုပ်တဲ့နေရာမှာ၊ ဗုဒ္ဓရဲ့ မူရင်းကျမ်းဂန်တွေရဲ့ အာဘော်ကို ခိုလှုံ့ပြီး သိမ်မွေ့တဲ့ ဒဿနအပြောင်းအလဲတွေဆီ ခေါ်ဆောင် ဦးဆောင်ကြဖို့ လိုအပ်ပါတယ်။ အတွေးအခေါ်ပိုင်းမှာ ကိုယ်ခံအားမြင့်တဲ့ လူထုပညာတတ်တွေကနေ တစ်ဆင့် ဒီလို လူမှုအတွေးအခေါ်သစ်တွေကို ဖြန့်ချိပြီး မြန်မာပြည်မှာ မြန်မာ့ရေမြေနဲ့ အပ်စပ်တဲ့ လူမှုအတွေးအခေါ်သစ်တွေ ထပ်ပိုး တည်ဆောက်ကြဖို့ ဖြစ်ပါတယ်။ 

အယ်ဒီတာ 

၂၀ ၊ အောက်တိုဘာ၊ ၂၀၂၂။