ဧရာဝတီတိုင်း ၊ ဟင်္သာတမြို့ ကျောက်တော်ကြီးကုန်းဆင်း ဟင်္သာရုပ်အဝိုင်းက ဆိုင်ကယ်တွေ စစ်ဆေးတဲ့နေရာမှာ ဒီနေ့ ညနေ ၄ လောက်က ဗုန်းပေါက်ကွဲခဲ့ပြီး သုံးယောက်ထိပြီး ဒဏ်ရာပြင်းထန်တဲ့အတွက် ဟင်္သာတခရိုင် ဆေးရုံးကြီးကို ပို့ထားရတယ်လို့ သိရပါတယ်။
“အရပ်သတင်းကတော့ ပြောနေကြတာ တယောက်ပွဲချင်းပြီး သေတယ်ဆိုပေမယ့် ၊ ဆေးရုံကရတဲ့ သတင်းအရတော့ သုံးယောက်လုံး ဒဏ်ရာပြင်းထန်တာကတော့ ဟုတ်တယ် ၊ သေတာတော့ မဟုတ်သေးဘူးလို့” ဟင်္သတခရိုင်ဆေးရုံကြီးနဲ့ နီးစပ်သူတဦးက DNA ကိုပြောပါတယ် ။ ကနဦး သတင်းတွေအရ ဒဏ်ရာရသွားသူတွေဟာ ယဉ်ထိန်းရဲတွေ လို့သိရပါတယ်။
DNA က ခရိုင်ရဲရုံးက အရာရှိတဦးကို ဆက်သွယ်မေးမြန်းရာမှာ သုံးယောက်ဒဏ်ရာရခဲ့တာ ဟုတ်ပေမယ့် သေဆုံးတာကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ် ။
လက်ရှိအချိန်အထိတော့ ဒီဖေါက်ကွဲမှုနဲ့ ပါတ်သက်ပြီး ဘယ်အဖွဲ့က ဦးဆောင် လုပ်ခဲ့တယ်ဆိုတာတော့ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
“သူတို့ ဆိုင်ကယ်စစ်တဲ့ နေရာမှာ စစ်တာ ၊ ဆိုင်ကယ်တွေ သူတို့ တောက်လျှောက်ဖမ်းနေတာ ၊ ကိုယ်ထိလက်ရောက်တွေလည်းပါတယ် ပြောတယ် ၊ ရပ်မပေးတဲ့သူတွေကို ကိုယ်ထိလက်ရောက်တွေ လုပ်တယ် ၊ အခု ကြားတာတော့ သုံးယောက်ဒဏ်ရာရတယ် ၊ ဒဏ်ရာ ပြင်းထန်တယ်ကြားတယ် “လို့ မြို့ခံတဦးက ပြောပါတယ်။
လက်တလော အချိန်မှာ ဟင်္သာတဆေးရုံကြီး ဝန်းကျင်မှာ ရဲကားတွေ ၊ စစ်ကားတွေ အများအပြားရောက်နေပြီး မြို့အတွင်းမှာလည်း နာရီဝက်လောက်က စပြီး လုံခြုံရေးတင်းကြပ် စစ်ဆေးတာတွေ လုပ်နေတယ်လို့ သိရပါတယ် ။