မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့ လက်အောက်ရှိ ကျောင်းတွေမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဝန်ထမ်းတွေက ကျောင်းသူကျောင်းသားတွေကို ကျန်းမာရေးပညာပေးဟောပြောပြီး
သံချဆေး တိုက်ကျွေးခဲ့တယ်လို့ ဘုတ်အဖွဲ့တာဝန်ခံ ဆရာညိမ်းသူယျက DNA ကိုပြောပါတယ်။
“အောက်တိုဘာလ ၄ရက်နေ့ကနေ ၇ရက်နေ့အထိ မြို့နယ်တွင်းကကျောင်းတွေမှာ NUG ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆရာ၊ဆရာမတွေ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်”လို့ ဆိုပါတယ်။
လက်ရှိမှာ ကျောင်းသူကျောင်းသားတွေ ကျန်းမာရေးကောင်းမွန်ကြကြီး ဆရာ၊ဆရာမအင်အား လုံလောက်တဲ့ကျောင်းတွေမှာ ကာယလေ့ကျင့်သင်ကြားပေးတာတွေ လုပ်ဆောင်နေတယ်လို့
သူက ဆက်ပြောပါတယ်။
ကျောင်းသူကျောင်းသားတွေကျန်းမာရေးအတွက် အိမ်သုံးဆေးဝါးတချို့လည်းကျောင်းတွေမှာ ဆောင်ထားကြပါတယ်။
ဂန့်ဂေါမြို့နယ်ပညာရေးဘုတ်အဖွဲ့ဟာ ဂန့်ဂေါမြို့နယ်တွင်းက ကျောင်းပေါင်းရှစ်ဆယ်ကျော်မှာ ကျောင်းသူကျောင်းသား တစ်သောင်းသုံးထောင်ကျော်ကို ဆရာ၊ဆရာမအင်အား တစ်ထောင့်လေးရာကျော်နဲ့ ပညာသင်ကြားပေးနေတာဖြစ်ပါတယ်။
ကျောင်းသူကျောင်းသားတွေအတွက် ပုံနိုပ်စာအုပ်တွေ၊ သင်ထောက်ကူပစ္စည်းလိုအပ်ချက်တွေရှိနေပြီး ဆောင်းရာသီမှာ စစ်ဘေးရှောင်ကျောင်းသူကျောင်းသားတွေအတွက် အနွေးထည် လိုအပ်ချက်တွေပါရှိနေတယ်လို့ ဆရာညိမ်းသူယျက ပြောပါတယ်။