ဂျပန်ပိုင်နက်ကို ကျော်ပြီး မြောက်ကိုရီးယား ဒုံးကျည် ပစ်ခတ်  

Photo – Bloomberg

ဂျပန်နိုင်ငံ ပိုင်နက်ကို ကျော်လွန်ပြီး ပဲ့ထိန်းဒုံးကျည်လို့ ယူဆရတဲ့ အရာတစ်ခုကို မြောက်ကိုရီးယားက ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။ 

အဲဒီ ဒုံးကျည်လို့ ယူဆရတဲ့ အရာဟာ ဂျပန်နိုင်ငံ မြောက်ပိုင်းကို ဖြတ်ကျော် ပျံသန်းသွားခဲ့တာပါ။ အောက်တိုဘာ ၄ ရက် မနက်အစောပိုင်းက အဲဒီအရာဝတ္ထု ပျံသန်းနေတဲ့အချိန် အကာအကွယ် ယူထားကြဖို့ ဟော့ကိုင်းဒိုး ကျွန်းမှာ နေထိုင်တဲ့ ပြည်သူတွေကို ဂျပန်အစိုးရက အရေးပေါ် ညွှန်ကြားခဲ့ပါတယ်။ ဒါ့အပြင် ဂျပန်ပိုင်နက်ကို ကျော်လွန်ပြီး ဒုံးကျည် ရောက်ရှိသွားတာ သေချာချိန်အထိ မီးရထား ခရီးစဉ် တချို့ကိုလည်း ဆိုင်းငံ့ထားခဲ့ရပါတယ်။ 

မြောက်ကိုရီးယားက ဂျပန်လေပိုင်နက်ကို ကျော်ဖြတ်ပြီး ဒုံးကျည်စမ်းသပ်တာဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ကုလသမဂ္ဂဟာ မြောက်ကိုရီးယားကို ပဲ့ထိန်းဒုံးကျည်နဲ့ နျူကလီးယား လက်နက်တွေ စမ်းသပ်ခွင့် တားဆီး ပိတ်ပင်ထားပေမယ့် မြောက်ကိုရီးယားကတော့ လိုက်နာခြင်း မရှိပါဘူး။ အခုစမ်းသပ်လိုက်တဲ့ ဒုံးကျည်ဟာ တာလတ်ပစ် ပဲ့ထိန်းဒုံး အမျိုးအစားလို့ ယူဆရပါတယ်။ 

ဂျပန် အစိုးရက မြောက်ကိုရီးယားဟာ ဒုံးကျည်လို့ ယူဆရတဲ့ အရာတစ်ခုကို ပစ်လွှတ်လိုက်ကြောင်း ထောက်လှမ်းသိရှိ ပြီးတာနဲ့ ဒုံးကျည် ဖြတ်ပျံနိုင်တဲ့ လမ်းကြောင်းတလျှောက် ပြည်သူတွေကို အဆောက်အအုံတွေနဲ့ မြေအောက်မှာ ခိုလှုံကြဖို့ သတိပေးချက် ထုတ်ပြန်ခဲ့ကြောင်း ပြောပါတယ်။ ဂျပန်မှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရတာတွေနဲ့ အပျက်အစီးတွေတော့ မရှိခဲ့ပါဘူး။ ဒုံးကျည်ဟာ ကီလိုမီတာ ၃၀၀၀ လောက် ပျံသန်းပြီးတဲ့နောက် ပစိဖိတ် သမုဒ္ဒရာထဲ ကျဆင်းသွားတယ်လို့ ဆိုပါတယ်။ 

ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက အခုကိစ္စနဲ့ ပတ်သက်လို့ မြောက်ကိုရီးယားရဲ့ ရန်လို ကျူးကျော်တဲ့ အပြုအမူအပေါ် အပြင်းအထန် ရှုတ်ချလိုက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူပေးဖို့ပါ တောင်းဆိုလိုက်ပါတယ်။ မြောက်ကိုရီးယား အနေနဲ့ နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်မျိုး ပစ်လွှတ်လိုက်တာ မဟုတ်မှန်း သိသာပေမယ့် ဒီလုပ်ရပ်ဟာ ရန်စတဲ့ သဘောကို ဆောင်တယ်ဆိုတာတော့ အငြင်းပွားစရာ မရှိပါဘူး။ 

မြောက်ကိုရီးယားဟာ တစ်ပတ်အတွင်း ၅ စင်းမြောက် ဒုံးကျည်ကို ပစ်ခတ်ပြခဲ့တာ ဖြစ်ပါတယ်။ အောက်တိုဘာ ၁ ရက်ကလည်း မြောက်ကိုရီးယား ပစ်ခတ်လိုက်တဲ့ ဒုံးကျည် ၂ စင်းဟာ ဂျပန် ကမ်းလွန်က အထူးစီးပွားရေးဇုန် သတ်မှတ်ထားရာ ရေပြင်ထဲ ကျရောက်ခဲ့သေးကြောင်း သိရပါတယ်။