ဟင်္သာတမှာ NLD ရပ်ကျေးဥက္ကဋ္ဌတဦးရဲ့ နေအိမ် ချိပ်ပိတ်ခံရ

Photo- CJ

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့ပေါ် ရပ်ကွက်နေ NLD ရပ်ကျေး ဥက္ကဋ္ဌတဦးကို  PDF နဲ့ ပါတ်သက်တယ်စွပ်စွဲပြီး သူ့ရဲ့နေအိမ်ကို  အကြမ်းဖက်စစ်ကောင်စီက စက်တင်ဘာလ ၂၉ ရက်နေ့မှာ ချိပ်ပိတ်လိုက်တယ်လို့ မြို့ခံတွေ ဆီက သိရပါတယ်။

ဟင်္သာတမြို့ ၊ တာလေးရပ်ကွက် ဗဂျီးနီးယား (၆)လမ်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ရပ်/ကျေး ဥက္ကဋ္ဌ ဦးမောင်မောင်ဆန်းရဲ့ နေအိမ်ကို စစ်တပ်၊ ရဲတွေနဲ့ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပါဝင်တဲ့ အဖွဲ့က လာရောက်ချိပ်ပိတ်သွား​တာလို့  အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက DNA ကို ပြောပါတယ်။

“ဦးမောင်မောင်ဆန်း က PDF နဲ့ ပါတ်သက်တယ်ဆိုပြီး ချိတ်ပိတ်တာလို့ တပ်ကပြောတယ်၊ တပ်က​နှင်ခိုင်းလို့ လက်ရှိအိမ်ပေါ် လူတွေဖယ်ပေးဖို့ပြောထားတာကြာနေပြီ” လို့ ဆိုပါတယ်။

ဇန်နဝါရီလ ကတည်းက စစ်ကောင်စီက လာရောက် သတိပေးထားပေမယ့် အိမ်ပေါ်နေထိုင်သူ ဆွေမျိုးသားချင်း တွေရှိနေသေးတာ​ကြောင့် စက်တင်ဘာ ၂၉ နေ့မှ ဗီနိုင်းကပ်ပြီး ဖယ်ခိုင်းတာလို့ သူကဆက်ပြောပါတယ်။

လက်ရှိချိပ်ပိတ်ခံရတဲ့ အိမ်ဟာ NLD ရပ်ကျေး ဥက္ကဌ ဦးမောင်မောင်ဆန်း တဦးပိုင် မဟုတ်ပဲ ဆွေမျိုးတွေ သက်ဆိုင်တဲ့ ဘိုးဘွားပိုင် အမွေဆိုင်အိမ်လို့လည်း သိရပါတယ်။

“အကို မောင်မောင်ဆန်း တဦးထဲပိုင်တာ မဟုတ်လို့ အရင် ကတည်းက မိသားစုတွေ အတူနေကြတာ ဘုန်းကြီးအမှု ရွာပတ်ဆိုသလို ဖြစ်သွားတာ”လို့ အိမ်ပေါ်က နှင်ချခံရတဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဦးမောင်မောင်ဆန်းဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ဆန္ဒပြမှု​တွေမှာပါ၀င်ခဲ့တဲ့အတွက် စစ်ကောင်စီက လိုက်လံဖမ်းဆီးတာကြောင့် မိသားစုလိုက် ထွက်ပြေးတိမ်းရှောင်နေတာ တစ်နှစ်နီးပါးရှိနေပြီလို့ ဒေသခံတွေက ဆိုပါတယ်။