ဖလမ်းမြို့ ဆေးရုံအုပ်ကြီး ကြိုးဆွဲချသေဆုံး

ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ( Dr.Tluang Cung Thang ) ဒေါက်တာ သွလ်ကျုံးထန်းဟာ စက်တာဘာလ ၂၈ ရက်နေ့ မနက်ပိုင်းက သူ့ရဲ့နေအိမ်မှာ ကြိုးဆွဲချပြီး ကိုယ်ကိုယ်ကိုယ် အဆုံးစီရင်သွားတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

“တမြို့လုံးတုန်လူပ်သွားကြတာ။ တမြို့လုံးကချစ်တဲ့သူဆိုတော့။ ဖလမ်းက သူရှိလို့အဆင်ပြေနေတာ။ ကိုဗစ်တွေ ဖြစ်တုန်းကလည်း သူ့ကြောင့်ရောဂါတွေဖြစ်တာတွေ လျော့ကျခဲ့တာ” လို့ ဖလမ်းမြို့ခံတစ်ဦးက DNA ကိုပြောပါတယ်။

ဒီနေ့မနက်ပိုင်းမှာပဲ ဖလမ်းမြို့သူမြို့သားအများအပြားဟာ သူ့အိမ်ကို ရောက်လာခဲ့ကြပါတယ်။

“ငယ်သေးတယ်ဗျာ။ ဘယ်လိုဖိအားတွေရှိနေလဲတော့အတိအကျမသိဘူး” လို့ နောက်ထပ် ဖလမ်းမြို့ခံတစ်ဦးက ဆိုပါတယ်။

ဆေးရုံအုပ်ဟာ ဟားခါးချင်းလူမျိုးတစ်ဦးဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် (၄၁) အရွယ်ရှိပါပြီ။ မူလတန်းအရွယ်ကလေးနှစ်ယောက်ကျန်ရစ်ခဲ့တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

သူဟာ ကိုဗစ်ကာလမှာ ပညာပေးလှုပ်ရှားမှုတွေပြုလုပ်တာနဲ့ ဖလမ်းမြို့က လူနာတွေကုသကူညီခဲ့လို့ ဖလမ်းမြို့ စံပြပုဂ္ဂိုလ် တစ်ဦးအဖြစ် ၂၀၂၀ ခုနှစ်မှာ Chinland Herald သတင်းဌာနမှာ ဖော်ပြခံခဲ့ရဖူးပါတယ်။

ဆေးရုံအုပ်ကြီးရဲ့ရုပ်အလောင်းကို ဒီနေ့မှာပဲ သူ့ဇာတိဟားခါးကိုသယ်ဆောင်သွားဖို့ ပြင်ဆင်နေတယ်လို့ မြိုခံတွေက ပြောပါတယ်။